ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့် ကော်မတီဝင်များ ကလောမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအား ဆန်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများ သွားရောက်ပေးအပ်လှူဒါန်း

တောင်ကြီး စက်တင်ဘာ ၁၈

ရှမ်းပြည်နယ်အမျိုးသမီးကော်မတီနာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ညိုမီစောနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ကလောမြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ အခြားအသုံးအဆောင်ပစ္စည်းများနှင့် ထောက်ပံ့ငွေများကို သွားရောက်ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အမျိုးသမီးကော်မတီနာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များသည် ကလောမြို့၊ တပ်နယ်စုပေါင်းခန်းမတွင် ရေဘေးသင့်တပ်မိသားစုဝင်များအတွက် ဆန်(၁၀)အိတ်၊ ခေါင်းအုံး၊ ခြင်ထောင်၊ စောင်၊ အိပ်ယာခင်း၊ ဖော့ဖျာနှင့် ထောက်ပံ့ငွေကျပ် သိန်း(၂၀)ကို ထောက်ပံ့ပေးရာ တပ်နယ်မိသားစုတို့က လက်ခံရယူသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးနှင့်အဖွဲ့က တပ်နယ်မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ထိုမှတစ်ဆင့် ပြည်နယ်အမျိုးသမီးရေးရာကော်မတီနာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့သည် ကလောမြို့၊ မြို့မပရိယတ္တိစာသင်ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်ဘဒ္ဒန္တ ဦးဝိမလအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးသည်။

ထို့နောက် ကလောမြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့်ဇနီး ဒေါ်ညိုမီစောက ငွေကျပ်(၁၀)သိန်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က ငွေကျပ်(၁၀)သိန်း၊ ရှမ်းပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်ဇနီး ဒေါ်ဝင်းသီတာက ငွေကျပ်(၅)သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ရေဘေးသင့်ပြည်သူများကိုယ်စား ကလောခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးနှင့်အဖွဲ့ဝင်များသည် ကလောမြို့နယ်အတွင်း ရေဘေးသင့်ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးဒဏ်သင့် အိမ်ထောင်စု(၄၇၄)စုအတွက် စောင်(၄၇၄) ထည်၊ ခြင်ထောင်(၄၇၄)လုံး၊ ခေါင်းအုံး(၉၄၈)လုံး၊ ဖော့ဖျာ(၄၇၄)ချပ်တို့ကို ပေးအပ်လှူဒါန်းရာ ရေဘေးသင့်ပြည်သူများက လက်ခံရယူခဲ့ကြပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ  အားပေးစကားများပြောကြားခဲ့သည်။

ကလောမြို့နယ်အတွင်း စက်တင်ဘာလ ၁၀ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းမှုသဖြင့် ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ရေဝင်ရောက်သော အိမ်ခြေ (၈၄၈) အိမ်၊ အိမ်ထောင်စု (၁၀၁၅)စု၊ လူဦးရေ(၄၂၉၉)ဦး ရေဘေးဒဏ်ခံစားခဲ့ရပြီး ရေဘေးသင့်ပြည်သူများအား ဓမ္မစင်္ကြာကျောင်း၊ ဆေးဝင်္ကဘာကျောင်း၊ ရွာသစ်ဘုန်းကြီးကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ သိမ်တောင်ဘုန်းကြီးကျောင်း၊ နှစ်ခြင်းခရစ်ယာန်ကျောင်း၊ မြက်ရဲအင်းကျောင်း၊ ဇောတိကာရုံကျောင်း၊ မြို့မကျောင်း၊ ဘူတာဓမ္မာရုံ၊ နှစ်တစ်ရာချပ်စ်ကျောင်း ၊မြို့မပြင်သာ ကျောင်းစသည့်  ကယ်ဆယ်ရေးစခန်း(၁၂)နေရာတွင် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိပေးကာ နေ့စဉ်စားသောက်ဖွယ်ရာများ စီစဉ်ဆောင်ရွက်ပေးခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများပေးခြင်းနှင့် လိုအပ်သည်များ စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)