နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း တပ်ကုန်းမြို့နယ် ရေဘေးသင့် ရပ်ကွက်၊ ကျေးရွာများမှ အိမ်ပြိုလဲနှင့် လူသေဆုံးအတွက် ထောက်ပံ့ ၊ နွားအစာထောက်ပံ့ပေးအပ်ပွဲတက်ရောက်၊ ပြန်လည်ထူထောင်ခြင်း၊ သန့်ရှင်းရေးဆောင်ရွက်မှုအား ကြည့်ရှု

တပ်ကုန်း စက်တင်ဘာ ၁၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများမှ အိမ်ပြိုလဲနှင့် လူသေဆုံးအတွက် ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက တပ်ကုန်းမြို့နယ်အတွင်းမှာ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရပ်ကွက် ၄ ရပ်ကွက်၊ ကျေးရွာအုပ်စု ၁၀အုပ်စု၊ ကျေးရွာ ၂၈ရွာတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ စာရင်းဝင် အိမ်ပြိုလဲ ၅၉ အိမ်အတွက် တစ်အိမ်လျှင် တစ်သိန်းနှုန်း၊ ၁၆ မျိုးပါပစ္စည်းပုံးတစ်ပုံးနှုန်း၊ ရေဘေးသင့်ပြည်သူ ၆၉၇၃ဦးအတွက် တစ်ဦးလျှင် ၂,၁၀၀ နှုန်း၊ လူသေဆုံး ၃၃ဦးအတွက် တစ်ဦးလျှင် သုံးသိန်းနှုန်း တို့ကို နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ထောက်ပံ့ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူများက လက်ခံယူခဲ့ပြီးနောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်အောင်က ရေဘေးသင့်ရပ်ကွက်၊ ကျေးရွာများတွင်ရှိသော ကျွဲ၊ နွားများအတွက် ၅၀ ကီလိုဂရမ်ရှိသော အစာနုအိတ် ၅၀ အိတ်အား ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျွဲ၊ နွားပိုင်ရှင်များက လက်ခံယူခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် ပုဏ္ဏမာကျေးရွာတွင် ရေဘေးဒဏ်ခံရသော ကျွဲ၊ နွားပိုင်ရှင်များအား အားပေးစကားပြောကြား ပြီးနောက် ကျွဲ၊ နွားများအတွက် အစာနုများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုကြောင့် အဆုံ(ဇီးကုန်း)ကျေးရွာအနီး၊ ပြန်လည်ထည်ထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လျှပ်စစ်ဓာတ်အား၂၃၀ KV ဓာတ်အားလိုင်းတိုင်၊ ရွှေမြို့-သာစည်လိုင်း ပြန်လည်တည် ဆောက်ရေးလုပ်ငန်းခွင်အားကြည့်ရှု၍ လိုအပ်သည်များမှာကြားခဲ့ပြီးနောက် ဘုရင့်နောင်ရပ်ကွက်နှင့် အနော်ရထာရပ်ကွက်အတွင်းရှိ အလယ်တန်းကျောင်းများတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးတို့မှ ဝန်တမ်းများ၊ ပညာရေးဝန်ထမ်းများနှင့် ပြည်သူများပူးပေါင်း၍ စာသင်ဆောင်များအတွင်းရှိ နုန်းများ၊ ဒိုက်များ သန့်ရှင်းရေးဆောက်ရွက်မှုအားကြည့်ရှု၍လည်းကောင်း၊ ငွေတောင်တောရစာသင်တိုက်နှင့် ချမ်းမြေ့မြိုင်ရိပ်သာကျောင်းရှိ ရေဘေးသင့်ပြည်သူများ စားသောက်ရေးနှင့်နေထိုင်မှုများအားကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

တင်စိုးလွင်