လယ်ဝေး စက်တင်ဘာ ၁၈
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းဆိုင်ရာ မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အ.ထ.က(၁)လယ်ဝေး၊ ရွှေရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က ၂၀၂၄-ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်ကို ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်း၊ စာရင်းကောက်လုပ်ငန်း၊ စာရင်းပြုစုခြင်းလုပ်ငန်း၊ ဆန်းစစ်ခြင်းနှင့် အစီရင်ခံစာပြုစုထုတ်ပြန်ခြင်းလုပ်ငန်းများဖြင့် ရပ်ကွက်/ကျေးရွာများ တည်နေရာ point များကောက်ယူခြင်း၊ မြို့ပေါ်ရပ်ကွက်များတွင် အဆောက်အအုံစာရင်းတင်ခြင်း၊ စာရင်းစစ်၊ စာရင်းကောက် Volunteer စာရင်းများ ရွေးချယ်တင်ပြခြင်း၊ Bill board များ စိုက်ထူခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ဆက်လက်ကူညီဆောင်ရွက်ပေးပါရန် ပြောကြားသည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးစိန်လင်းက သင်တန်းနှင့်ပတ်သက်၍ လိုက်နာဆောင်ရွက်ရန်အချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းဆရာ၊ ဆရာမများကတစ်ဦးချင်း မိတ်ဆက်သည်။
သင်တန်းကို သန်းခေါင်စာရင်းဆိုင်ရာအဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများ၊ အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့် ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၂၇၉ ဦးအား သင်တန်းနည်းပြ ၁၇ ဦး က ၁၀ ရက်ကြာ ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)