မဟာအောင်မြေ စက်တင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီအဆင့်ဆင့်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မဟာအောင်မြေမြို့နယ် အမှတ်(၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် မဟာအောင်မြေမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပေးပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ကျော်က သန်းခေါင်စာရင်းဆိုင်ရာ သဘောတရားများ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သင်တန်းကို မြို့နယ်အမှတ် (၁၃) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပေးရာ မဟာအောင်မြေမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးက ပို့ချပေးမည့် နည်းပြဆရာ၊ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ၏ သင်တန်းပို့ချ တက်ရောက်နေမှုကို ကြည့်ရှုအားပေးစကား ပြောကြားသည်။
အဆိုပါသင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာသဘောတရားများကို နည်းပြဆရာ၊ ဆရာမ(၁၂)ဦးတို့က သင်တန်းသား၊ သင်တန်းသူ (၁၄၄)ဦးတို့အား စက်တင်ဘာ (၁၇)ရက်နေ့မှ (၂၈) ရက်နေ့အထိ စာတွေ့/လက်တွေ့ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့မှ၁၅ရက်နေ့အထိ စာရင်းကောက်ယူရာတွင် မဟာအောင်မြေမြို့နယ်အတွင်း ရပ်ကွက် (၁၈)ရပ်ကွက်ရှိ ကောက်ကွက်ပေါင်း ၃၇၆ ကွက်တို့၌ စာရင်းစစ် (၃၃) ဦး၊ စာရင်းကောက် (၁၂၃) ဦးတို့က Mobile Tablet များအသုံးပြု၍ တစ်အိမ်တက်ဆင်းစနစ်ဖြင့် စနစ်တကျ စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း