မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မော်လမြိုင်မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၇

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မော်လမြိုင်မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ် ဘက်စုံခန်းမ၌ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မကြာခင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ကောက်ယူတော့မှာဖြစ်၍ ရက်အားဖြင့် ရေတွက်ကြည့်မယ်ဆိုပါက (၁၃) ရက်သာလိုကြောင်း၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် ပြည်နယ်/ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ စာရင်းစစ်၊ စာရင်းကောက်များအနေဖြင့် ပညာရေးဝန်ထမ်းများက အဓိကပါဝင်မှာဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ လုံခြုံရေးအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများ၊ လူမှုရေးအဖွဲ့အစည်းများမှ စိတ်ပါဝင်စားသူ (Volunteers) များလည်း ပါဝင်မှာဖြစ်ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လုံခြုံရေးအဖွဲ့အစည်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများအားလုံးကလည်း သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း အောင်မြင်စေရန် စာရင်းစစ်/ စာရင်းကောက်များကို ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးကြပါရန် အလေးအနက်ထားမှာကြားလို​ကြောင်း၊ သင်တန်းတက်ရောက်လာကြသည့် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ပေးအပ်ထားသည့်တာဝန်များကို မိမိတို့၏ အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနှင့်ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင်ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မွန်ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးမြတ်သွင်က သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသော သင်တန်းနည်းပြနှင့် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့သည်။

အဆိုပါ ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မော်လမြိုင်မြို့နယ်အဆင့် နည်းပြသင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၁၉၉) ဦးဖြင့် ယနေ့ စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ အထိ (၁၂)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)