ကျောက်ဖြူ စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ မိုးရာသီ(U-18) ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ကွင်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မအားကစားဘောလုံးကွင်းကြီးတွင် ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဘောလုံးပွဲဝါသနာရှင်ပြည်သူများမှ တခဲနက်လာရောက်ကြည့်ရှုအားပေးသည်။
ပြိုင်ပွဲတွင် စစ်ကြောင်းမှူးမှဦးဆောင်၍ ဆိုင်းဘုတ်ကိုင်များ၊ အလံကိုင်များနှင့် ပြိုင်ပွဲဝင်ကစားသမားတို့က ကွင်းအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌအား အလေးပြုသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဟံစိုးက ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုသည်။ ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဖလား၊ မိုးရာသီ(U-18) ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ပထမနေ့ပွဲစဉ်အား ကျင်းပပြုလုပ်ရာ အစိုးရ FC အသင်းနှင့် Generation FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြခဲ့ကြပြီး အစိုးရ FC အသင်းမှ Generation FC အသင်းကို သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၇)သင်းပါဝင်ကြပြီး အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲကာလမှာ စက်တင်ဘာလ(၁၆)ရက်နေ့မှ (၂၆) ရက်နေ့အထိ (၁၁)ရက်ကြာမြင့်မည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)