ကျောက်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားပြုလုပ်

ကျောက်ဖြူ   စက်တင်ဘာ  ၁၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျောက်ဖြူခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဟံစိုးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်နည်းပြသင်တန်း၊ အထူး နည်းပြသင်တန်း၊ ခရိုင်နည်းပြသင်တန်းနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို အချိန်နှင့်တပြေးညီ အဆင့်ဆင့်ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံဝန်ထမ်းများအနေဖြင့် အားသွန် ခွန်စိုက်ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ခင်အေးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁)နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ခရိုင်/မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့ အထိ (၁၀) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တင်ထွန်းဦး (ပြန်/ဆက်)