ဇမ္ဗူသီရိ စက်တင်ဘာ ၁၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာအချက်အလက်များ ရရှိနိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ တက်ရောက်လာကြတဲ့ သင်တန်းသား၊ သင်တန်းသူများအနေဖြင့်လည်း ပေးအပ်ထားသည့် တာဝန်များကို မိမိတို့ရဲ့အတွေ့အကြုံ၊ စွမ်းဆောင်နိုင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်က စာရင်းစစ်/စာရင်းကောက် တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများအား လုပ်ငန်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။
အဆိုပါ မြို့နယ်အဆင့် စာရင်းစစ်/စာရင်းကောက်သင်တန်းကို စက်တင်ဘာ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သင်တန်းသား၊ သင်တန်းသူစုစုပေါင်း (၁၄၄) ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)