ရမည်းသင်းမြို့ သပြေပင်ကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရမည်းသင်း    စက်တင်ဘာ   ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် အင်တိုင်းအုပ်စု သပြေပင်ကျေးရွာနေအိမ်များ ရေနစ်မြုပ် ပျက်စီးခြင်းများဖြစ်ပွားခဲ့သဖြင့် သပြေပင်ကျေးရွာ အလယ်တန်းကျောင်းတွင် ရေဘေးကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားရှိရာ အဆိုပါရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာများကို ယမန်နေ့ညနေ ၄ နာရီက ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ ရေဘေးကယ်ဆယ်ရေးစခန်းတွင် ရေဘေးသင့်ပြည်သူ(၄၆၀)ဦးရှိပြီး ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ ခရိုင်အဆင့်ဌာနဆိုင်ရာများမှ ဆန်၊ ဆီနှင့်ကြက်ဥများ၊ အလှူရှင်များက ခေါက်ဆွဲခြောက်၊ ရေသန့်၊ ထမင်း၊ ဟင်း၊ အဝတ်အထည်၊ အလှူငွေနှင့်အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်းပေးလျက်ရှိ‌သည်။

ရမည်းသင်းမြို့နယ်၌ မိုးအဆက် မပြတ်ရွာသွန်းခြင်းကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု(၄၀)မှ ရပ်ကွက် ကျေးရွာပေါင်း(၉၃)ရွာရှိ အိမ်ထောင်စု (၁၅၁၁၃) စုမှ ရေဘေးသင့်အမျိုးသား(၂၃၉၉၅)ဦး၊ အမျိုးသမီး (၂၉၉၇၇)ဦးတို့၏ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ပြီး ရေတိုက်စားပျက်စီးဆုံးရှုံးသည့်‌နေအိမ် (၂၀၁၅၅) လုံးရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)