ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်လှစ်

ပြည်ကြီးတံခွန် စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ မြို့နယ်ရှိ(ဈ) ရပ်ကွက်၊ အ.ထ.က(၂၇) ကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပသည်။

အဆိုပါသင်တန်းတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းနိုင်က သန်းခေါင်စာရင်း၏ အဓိကပင်မဖြစ်သော ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့လုပ်ငန်းဆောင်ရွက်ချက်များသည် မိမိတို့မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ နိုင်ငံ၏ ပြယုဂ်ဖြစ်လို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ခံယူလုပ်ဆောင်ကြဖို့လိုအပ်ပါကြောင်း၊ သင်တန်းကာလတလျှောက် မသိတာ၊ မကြားတာများရှိလျှင် သင်တန်းနှင့်ပတ်သက်သော နည်းပြများကို မေးမြန်းဆည်းပူးကြစေလိုကြောင်းနှင့် နည်းပြများအနေဖြင့် ကိုယ်မသိသော ကိစ္စများရှိခဲ့လျှင် နည်းပြအဆင့်ဆင့်နှင့် တာဝန်ရှိသူများ၏ အကူအညီကို ရယူကာ ဖြေရှင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်ပြီး သင်တန်းပို့ချမည့် သင်တန်းနည်းပြ ဆရာ/ဆရာမများက မိတ်ဆက်စကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သင်တန်းတက်ရောက်မည့် စာရင်းစစ်/ စာရင်းကောက်ဆရာ/ ဆရာမများ၊ Volunteerများအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်သည်။ ထို့နောက် အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ/ဆရာမ(၁၂)ဦးဖြင့် သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ(၁၂၇)ဦး၊ တပ်မတော်သားအရာရှိ(၂)ဦး Volunteer (၃၉)ဦးတို့ဖြင့် သင်တန်းကာလမှာ စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ရက်နေ့အထိ၊ နေ့စဉ်နံနက် ၉နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)