ကျိုင်းတုံမြို့၌ နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျိုင်းတုံ စက်တင်ဘာ ၁၇

နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ အမှတ်(၃)တပ်မတော်ဆေးရုံ(ခုတင်-၃၀၀)၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက စု‌ပေါင်းသွေးလှူဒါန်းကြသည်။

ထိုသို့ စုပေါင်းသွေးလှူဒါန်းရာတွင် ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)၊ ခရိုင်၊ မြို့နယ်နှင့် သီးခြားရဲတပ်ဖွဲ့များမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်စုစုပေါင်း ၄၆ ဦးတို့ စုပေါင်းသွေးလှူဒါန်းမှုကို တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦး၊ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အေးသိန်း၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးသည်။

ထို့‌နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက သွေးလှူရှင်များအား အာဟာရပြည့်စားသောက်ဖွယ်ရာများနှင့် ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးက သွေးလှူရှင်များအား ကြက်ဥများ ထောက်ပံ့ပေးသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)