ရွှေပြည်သာ စက်တင်ဘာ ၁၇
ကျောင်းသားလူငယ်များ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အနာဂတ်တွင် ထူးချွန်ထက်မြက်သည့်လူငယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးအေးမိုးက အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ထံသို့ သုတ/ရသစာအုပ်များပေးအပ်လှူဒါန်းပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးအေးမိုးနှင့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမဒေါ်ခင်မျိုးဝင်းတို့က ဦးဆောင်ဆွေးနွေးသူများအဖြစ်ဆောင်ရွက်ပြီး အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူ(၅)ဦးက လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေး၊ လူငယ်နှင့်ယဥ်ကျေးမှု၊ လူငယ်နှင့်ဆိုရှယ်မီဒီယာ၊ လူငယ်နှင့်စာပေခေါင်းစဥ်များဖြင့်အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသားကျောင်းသူများ၏ မေးခွန်းများကိုလည်း ပြန်လည်ဖြေကြားဆွေးနွေးခဲ့သည်။
လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ၊ ကျောင်းအကျိုးတော်ဆောင်များ၊ အမှတ်(၇)အခြေခံပညာအတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၈၀)ဦးခန့်တက်ရောက်ခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသော အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ၊ ရသစာအုပ်စာစောင်များကို တက်ရောက်လာသူများက စိတ်ပါဝင်စားစွာကြည့်ရှုကြကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)