မိုင်းစံ စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် ကျောင်းသား၊ ကျောင်းသူလေးများ အသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ ၁ နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူ ဒေါ်ဥမ္မာထွေးက ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူအဖွဲ့အစည်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်တတ်စေရန်နှင့် ဉာဏ်ရည်ဉာဏ်သွေးများ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ဟောပြောပွဲအပြီးတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးနှင့် ဝန်ထမ်းများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
ထို့နောက် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာဗဟုသုတကြွယ်ဝစေဖို့ စာပေအကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များ၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)