မိုင်းယောင်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် ဝါသနာတူ ကလပ်အသင်းများဖြစ်သည့် Book Club၊ Youth Club၊ Woman Club တို့မှ စာအုပ်စာပေ ချစ်မြတ်နိုးသူများသည် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းပန်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ) ရေးသားသည့် “ခေါင်းဆောင်မှု” စာအုပ်မှ “ခေါင်းဆောင်မှု”အကြောင်းကို ဦးဆောင်ဖတ်ကြားသည်။
ဆက်လက်၍ Book Club မှ ဒေါ်နန်းလျှိုးရှဲန်မုန်းက “လူ့တန်ဖိုး” အကြောင်းကိုလည်းကောင်း၊ ရုပ်သံကျွမ်းကျင်(၃) ဒေါ်နန်းစီဖေါင်းက “အလိုက်သိခြင်းနှင့်သည်းခံနိုင်ခြင်း” အကြောင်းကိုလည်းကောင်း၊ Youth Club မှ ဦးရဲရင့်အောင်က “အကြောင်းနဲ့အကျိုး” အကြောင်းကိုလည်းကောင်း၊ စာကြည့်တိုက်လက်ထောက်(၃) ဒေါ်ဝေဝေခိုင်က “အလှကိုယ်စီနှင့်” အကြောင်းကိုလည်းကောင်း၊ Woman Club မှ ဒေါ်ဝင်းဝင်းအောင်က “စကားတန်ဖိုး” အကြောင်းကိုလည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြသည်။
ထို့နောက် မိမိတို့ဖတ်ကြားခဲ့သည့် အကြောင်းအရာများ၊ စာဖတ်ခြင်းမှ ရရှိလာသည့် အသိပညာဗဟုသုတများ၊ စာပေဆိုင်ရာ အသိအမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)