ပုသိမ်ကြီး စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေး စာရင်းစစ်/စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း (ပုသိမ်ကြီး) ရှိ အောင်ဇမ္ဗူခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ ရှင်းပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ရာ သင်တန်းသားတစ်ဦးက လက်ခံရယူခဲ့သည်။
အဆိုပါသင်တန်းအား စက်တင်ဘာလ ၁၇ ရက်နေ့မှ ၂၈ ရက်နေ့ထိ ဖွင့်လှစ်ပို့ချ သွားမည်ဖြစ်ပြီး သင်တန်းနည်းပြ (၁၅) ဦးဖြင့် သင်တန်းသား/သူ (၂၀၂)ဦး အား စာရင်းစစ်၊ စာရင်းကောက် သင်တန်းများကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဖိတ်ကြားထားသူများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)