ကျောက်ပန်းတောင်း စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈:၃၀)နာရီက စံပြရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ပညာဂုဏ်ရောင် ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားရာတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်ခြင်းကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး၊ အောင်မြင်အောင် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမှာဖြစ်ကြောင်း ပြောကြားသည်။ ယင်းနောက် မြို့နယ်သန်းခေါင်းစာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများအတွက် အထောက်အကူပြုပစ္စည်းများဖြစ်သည့် Mobile Tablet များနှင့် ကျောပိုးအိပ်များ၊ တီရှပ်များကို ပေးအပ်ကြပြီး ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းကို လွတ်လပ်ရေးရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် (၁၇.၉.၂၀၂၄)ရက်နေ့မှ (၂၈.၉.၂၀၂၄)ရက်နေ့ အထိ (၁၂)ရက်တာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းသို့ ဆရာ/ဆရာမ (၁၇၂)ဦးနှင့် အခြားစိတ်ပါဝင်စားသူ (၇၁)ဦး စုစုပေါင်း (၂၄၃)ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရပြီး၊ သင်တန်းဖွင့်ပွဲသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နှင်းနှင်းဝေနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေး အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ သင်တန်းသား/သင်တန်းသူများ စုစုပေါင်း (၂၈၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)