လယ်ဝေး စက်တင်ဘာ ၁၇
နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်၊ လယ်ဝေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇင်မင်းကို၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် လယ်ဝေးမြို့နယ်၊ အေလာတိဏ္ဏဘုရားဘုန်းတော်ကြီးကျောင်း၊ ပျံချီကျေးရွာ သီရိပျံချီဘုန်းတော်ကြီးကျောင်းနှင့် တောင်စဥ်အေးရွာဘုန်းတော်ကြီးကျောင်းတို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ဆန်နှင့် စားသောက်ဖွယ်ရာများ၊ မုန့်များနှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေများ သွားရောက်ပေးအပ်လှူဒါန်းခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးမြင့်စိုးတို့သည် အေလာတိဏ္ဏကျောင်းဆရာတော် ဦးဝိလာသထံ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအတွက် လိုအပ်သည်များကို မေးမြန်းလျှောက်ထားသည်။ ထို့နောက် အေလာတိဏ္ဏဘုရား ဓမ္မာရုံအတွင်းရှိ ကြို့တန်းရွာနှင့် သစ်ခေါက်ခွကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု ၄၅ စု၊ လူဦးရေ ၁၄၇ ဦးတို့အတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့်ဆန်၊ ရေသန့်၊ ခေါက်ဆွဲခြောက်ထုပ်နှင့် စားသောက်ဖွယ်ရာများ၊ နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေကျပ် ၃၀၈၇၀၀ တို့အားနေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းပြီး ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် ပျံချီကျေးရွာသို့ သွားရောက်၍ ပျံချီကျေးရွာ၊ သီရိပျံချီကျောင်းဆရာတော် ဥူးသာဂရအား ဖူးမျှော်ကြည်ညိုကာ ဆန်နှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းသည်။ ထို့နောက် သီရိပျံချီကျောင်း၊ ဓမ္မာရုံရှိ ရေကာကျေးရွာ၊ ရေကာတိုက်တန်းကျေးရွာ၊ ဇီးဖြူတန်းကျေးရွာ၊ သဖန်းပင်ကျေးရွာများမှ ရေဘေးသင့်အိမ်ထောင်စု ၂၂၄ စု၊ လူဦးရေ ၉၉၆ ဦးတို့အတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့် ရေသန့်၊ ဆန်နှင့်စားသောက်ဖွယ်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေကျပ် ၂၀၉၁၆၀၀ တို့အားပေးအပ်ခဲ့ပြီး ပြည်သူများနှင့်တွေ့ဆုံကာ အားပေးစကားပြောကြားသည်။
အလားတူပင် နေပြည်တော်ကောင်စီဝင်များနှင့်တာဝန်ရှိသူများသည် တောင်စဥ်အေးကျေးရွာကျောင်းဆရာတော် ဥူးဥတ္တမအား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပြီး ကျောင်းတိုက်ရှိ ရေနီလေးကျေးရွာ၊ ဘို့ကိုးလုံးကျေးရွာနှင့်ညောင်ပင်အိုင်ကျေးရွာများမှ ရေဘေးရှောင်အိမ်ထောင်စု ၂၆၀ စု၊ လူဦးရေ ၅၈၄ ဦးအတွက် နေပြည်တော်ကောင်စီမှ လှူဒါန်းသည့်ဆန်၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေကျပ် ၁၂၂၆၄၀၀ တို့အား ပေးအပ်ကာ အားပေးစကားပြောကြားသည်။ ထို့နောက် တောင်စဥ်အေးဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)