ချမ်းမြသာစည် စက်တင်ဘာ ၁၇
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီမှ ကြီးမှူးကျင်းပသော မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၂၆) အခြေခံပညာအထက်တန်းကျောင်းရှိ တကောင်းသစ္စာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ချမ်းမြသာစည်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲမင်းထွန်းက သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်း/ ခရိုင်အဆင့် နည်းပြသင်တန်း တက်ရောက်ခဲ့သည့် နည်းပြများမှ အသီးသီး မိတ်ဆက်စကားပြောကြားခဲ့ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်က သင်တန်းအထောက်အကူပြုပစ္စည်းများကို ပေးအပ်ခဲ့ရာ သင်တန်းနည်းပြ ကြီးကြပ်ဆရာမ ဒေါ်လှိုင်လှိုင်ဦးက လက်ခံရယူခဲ့သည်။ သင်တန်းတွင် စာရင်းစစ်၊ စာရင်းကောက်ဆိုင်ရာ အကြောင်းအရာများနှင့် သန်းခေါင်စာရင်းဆိုင်ရာသဘောတရားများကို နည်းပြဆရာ၊ ဆရာမများက သင်တန်းသား၊ သင်တန်းသူ ၁၉၆ဦး တို့အား စက်တင်ဘာ ၁၆ရက်နေ့ မှ ၂၆ ရက်နေ့အထိ ၁၀ ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးဌာနမှူး ဦးရဲမင်းထွန်းနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့