မိတ္ထီလာ စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြိုနယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် မိတ္ထီလာမြို့နယ်တွင် စာရင်းစစ် စာရင်းကောက် ၂၈၂ ဦးခန့် တာဝန်ပေးအပ်ပြီး မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်လှစ် ပို့ချခြင်းဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနဲ့ မူဝါဒများချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနဲ့ လူမှုစီးပွားဆိုင်ရာ အချက်အလက်များရရှိနိုင်မယ့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်း ဖြစ်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည် ဖော်ဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေး အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်၊ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကို နိုင်ငံတကာ အကူအညီမပါဘဲ မိမိတို့နိုင်ငံရဲ့ ဘဏ္ဍာငွေအရင်းမြစ်၊ စွမ်းအားဖြင့်သာ ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်၊ ဒါကြောင့် တက်ရောက်လာကြတဲ့ ဆရာ၊ ဆရာမများအနေနဲ့ ပေးအပ်ထားတဲ့တာဝန်များကို မိမိတို့ရဲ့ အတွေ့အကြုံ စွမ်းဆောင်နိုင်မှု အရည်အသွေး စိတ်စေတနာကောင်းများနဲ့ ပေါင်းစပ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း ကို အောင်မြင်အောင် ဆောင်ရွက်ကြရန် ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အတွင်းရေးမှူး ဦးဌေးဝင်းတို့က သင်တန်းသားသင်တန်းသူများအား သင်တန်းအထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်အတွင်းရှိ သင်တန်းသားသင်တန်းသူ ၂၈၂ ဦး တက်ရောက်ပြီး သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လေ့ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချမှာဖြစ်သလို အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိ အမေးအဖြေများဖြင့် ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် သင်တန်းကို စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ ၃၀ ရက်နေ့အထိ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)