တာချီလိတ်မြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့အလှူငွေများ ပေးအပ်

တာချီလိတ် စက်တင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး ရေဘေးအန္တရာယ်ကြုံတွေ့ရသည့် ရေဘေးသင့်ပြည်သူများအတွက် မာကာဟိုခမ်းရပ်ကွက်၊ အားကစားရုံနှင့် အောင်မြတ်ခန်းမတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးထားလျက်ရှိသည်။

အဆိုပါရေဘေးသင့်ပြည်သူများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့ဝင်များက တာချီလိတ်မြို့၊ မာကာဟိုခမ်းရပ်ကွက်၊ အားကစားရုံသို့ သွားရောက်တွေ့ဆုံအားပေးစကားပြောကြားပြီး ရေးဘေးသင့်ပြည်သူများအတွက် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ဆန်အိတ်ကြီး ၁၀ လုံး၊ ကြက်ဥ ၂၀၀၀ လုံး၊ ငါးသေတ္တာ ၆ လုံးပါ ၁၀၀ ကဒ်၊ ခေါက်ဆွဲခြောက် ၅၀ ဖာနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် သိန်း ၁၀၀၊ တာချီလိတ်မြို့ မီးလင်းရေးကော်မတီမှ ထိုင်းဘတ်ငွေ ၁၀ သိန်း၊ မြသဟာဆေးရုံမှ ထိုင်းဘတ်ငွေ ၁ သိန်းတို့အား ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့နောက် အောင်မြတ်ခန်းမ၌ အလှူရှင်များလှူဒါန်းထားသည့် ရေဘေးကယ်ဆယ်ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသဖြစ်သည့် အမှတ် (၁)၊ (၂) ချစ်ကြည်ရေးတံတားနှင့် မယ်ဆိုင်ချောင်အခြေအနေများ၊ ရေများဝင်ရောက်သည့်နေရာများနှင့် ပြန်လည်ထူထောင်ရှင်းလင်းရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသခဲ့သည်။ ယင်းနောက် တိုင်းမှူးနှင့်အဖွဲ့သည် တာချီလိတ်မြို့ မဟာဗောဓိကမ္မဋ္ဌာန်းကျောင်းတိုက် ပဓာနမဟာနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဉာဏဝရ (သဒ္ဓမ္မဇောတိကဓဇ) ၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားကျင်းပမည့်အခြေအနေနှင့် ဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဖူးမြော်ကြည်ညိုကာ ဝတ္ထုငွေများ ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)