ကျောက်ဆည် စက်တင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း စာရင်းစစ်/စာရင်းကောက်သင်တန်းကို ယနေ့နံနက်(၉)နာရီက အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ဦးက ၂၀၂၄ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမည့်ရက်သည် နီးကပ်လာပြီဖြစ်ကြောင်း၊ သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေး သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အကော်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပြီး သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် မူဝါဒများ ချမှတ်ရန်အတွက် အရေးကြီးသော လူဦးရေနှင့်စီးပွားရေးဆိုင်ရာအချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်သည့်အတွက် အမျိုးသားရေးတာဝန်အဖြင့် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ထားရွှေက သန်းခေါင်စာရင်း ကောက်ယူခြင်းဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးလုပ်ငန်းများအတွက် ခိုင်လုံသော အခြေခံစာရင်းအင်းကိန်းဂဏန်းများ ရရှိစေခြင်း၊ နောင်လာမည့်နှစ်များအတွက် စီမံကိန်းများရေးဆွဲရာတွင် ပိုမိုတိကျမှုရှိစေရန် ခိုင်လုံသောခန့်မှန်းလူဦးရေများ တွက်ချက်ပေးနိုင်ခြင်း၊ မြို့ပြနှင့်ကျေးလက်နေထိုင်သည့် လူဦးရေစာရင်းများသိရှိနိုင်ခြင်း၊ လူဦးရေသိပ်သည်းမှု၊ ပျံ့နှံ့နေမှုအခြေအနေများသိရှိနိုင်ခြင်း၊ စာတတ်မြောက်မှု၊ တွက်ချက်မှု၊ ပညာသင်ကြားမှုများ၊ ကလေးမွေးဖွားနှုန်း၊ သေဆုံးနှုန်းများသိရှိနိုင်မှု စသည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အဆင့် သန်းခေါင်စာရင်းကောက်ယူမှုနည်းပြသင်တန်းကို သင်တန်းနည်းပြ(၁၃)ဦးက ဆက်လက်သင်ကြားပို့ချခဲ့ရာ သင်တန်းသား/သင်တန်းသူ(၁၇၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါသင်တန်းအား စက်တင်ဘာ(၁၇)ရက်မှ (၂၈)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ပြန်/ဆက်)