အမ်း စက်တင်ဘာ ၁၇
ရခိုင်ပြည်နယ်၊ အမ်းမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရန်အတွက် မြို့နယ်စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမ်းမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ငံတော်အကြီးအကဲများ၏လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် ဗဟိုအဆင့်နည်းပြသင်တန်း၊ အထူး နည်းပြသင် တန်း၊ ခရိုင်နည်းပြသင်တန်းများပို့ချပေးပြီး ယခုမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့်ပို့ချပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံဝန်ထမ်းများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။ ထို့နောက် မြို့နယ်သန်းခေါင် စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးက သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် ပတ်သက် ၍ ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ အမ်းမြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးတို့က သင်တန်းသား၊ သင်တန်းသူများအား မြို့နယ်သန်းခေါင်စာရင်းလုပ်ငန်းသုံး အထောက်အကူပြုပစ္စည်းများပေးအပ်ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီများ၊ ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သင်တန်းသား/သင်တန်းသူများ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ (၁၂) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)