လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ ပြင်ဦးလွင်မြို့  စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်း ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၇

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရေးနှင့် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတို့ ပူးပေါင်းကာ  လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် ၉နာရီခွဲအချိန်က စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပသည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀ါ၀ါလွင်က လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်၀ါ၀ါလွင်က Moderator အဖြစ် ဆောင်ရွက်ပြီး စိုးစံကိုယ်ပိုင်အထက်တန်းကျောင်းမှ  ကျောင်းသား/ကျောင်းသူများက “လူငယ်နှင့် Social Media” ခေါင်းစဉ်ဖြင့်လည်းကောင်း “လူငယ်နှင့်နည်းပညာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “လူငယ်နှင့်စာရိတ္တ”‌ ခေါင်းစဥ်ဖြင့်လည်း‌ကောင်း၊ “လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊  “လူငယ်နှင့်ပညာရေး”စသည့် ခေါင်းစဉ်များဖြင့် အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ သူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ကျောင်းသား၊ ကျောင်းသူများ၏ မေးမြန်းချက်များအပေါ် ဖြေကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးခဲ့ကြသော ကျောင်းသား/ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်ဝါဝါလွင်က ဂုဏ်ပြုကတ်များ ပေးအပ်ခဲ့ပြီး မေးခွန်းမေးမြန်း ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား မြင့်မြတ်‌ဖောင်ဒေးရှင်းအဖွဲ့၀င် ဦးဟိန်းမင်းဦးနှင့် အဖွဲ့၀င်များက ဂုဏ်ပြုအမှတ်တရလက်ဆောင်များ ပေးအပ်ပြီး လူငယ်စကားဝိုင်းအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာ၀န်ရှိသူများသည် စိုးစံကိုယ်ပိုင်အထက်တန်း‌ကျောင်းမှ ကျောင်းသား/ ကျောင်းသူများအား နံရံကပ်စာစောင်များအား ခင်းကျင်းပြသပေးခဲ့ကြသည်။ အဆိုပါလူငယ်စကားဝိုင်းသို့ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  မြင့်မြတ်ဖောင်ဒေးရှင်းအဖွဲ့၀င် ဦးဟိန်းမင်းဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သွေးသွေး(ခရိုင်ပြန်/ဆက်)