ရမည်းသင်းမြို့ သပြေပင်ကျေးရွာ ရေဘေးကယ်ဆယ်ရေးစခန်းရှိ ရေဘေးရှောင်ပြည်သူများအား အခြေခံစားသောက်ကုန်များ ထောက်ပံ့လှူဒါန်း

ရမည်းသင်း စက်တင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် အင်တိုင်းအုပ်စု သပြေပင်ကျေးရွာနေအိမ်များ ရေနစ်မြုပ်ပျက်စီးခြင်းများ ဖြစ်ပွားလျက်ရှိသဖြင့် ရေဘေးသင့်အိမ်ထောင်စုဝင်မိသားစုများအား ရေဘေးကယ်ဆယ်စောင့်ရှောက်ရေးစခန်းအဖြစ် သပြေပင်ကျေးရွာ အလယ်တန်းကျောင်းရှိ ရေဘေးသင့်အိမ်ထောင်စုဝင်များအား စားနပ်ရိက္ခာထောက်ပံ့ခြင်းကို ယမန်နေ့ညနေ (၄)နာရီက သပြေပင်အလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ရေဘေးသင့်နေရာရှိ ပြည်သူ(၄၆၀)ဦးကို နေရာပြောင်းရွှေ့နေရာချထားကာ ရမည်းသင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့်အဖွဲ့ဝင်များမှ ဆန်၊ ဆီနှင့် ကြက်ဥများ၊ အလှူရှင်များက ခေါက်ဆွဲခြောက်၊ ရေသန့်၊ ထမင်း၊ ဟင်း၊ အဝတ်အထည်၊ အလှူငွေနှင့် အခြေခံစားသောက်ကုန်များအား သွားရောက်ထောက်ပံ့ကြောင်း သိရှိရသည်။

ရမည်းသင်းမြို့နယ်၌ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ရပ်ကွက်/ကျေးရွာအုပ်စု(၄၀)မှ ရပ်ကွက်ကျေးရွာပေါင်း(၉၃)ရွာရှိ အိမ်ထောင်စု(၁၅၁၁၃)စုမှ ရေဘေးသင့်အမျိုးသား(၂၃၉၉၅)ဦး၊ အမျိုးသမီး(၂၉၉၇၇)ဦး၊ လူနေအိမ်များအတွင်း ရေဝင်ရောက်ခဲ့ပြီး ရေတိုက်စားပျက်စီးဆုံးရှုံးသည့်‌နေအိမ် (၂၀၁၅၅) လုံး ရေ‌ဘေးသင့်ပျက်စီးခဲ့‌ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)