စစ်တွေ စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ခိုင်သဇင်ခန်းမ၌ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မြန်မာနိုင်ငံသည် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများထိန်းချုပ်ခြင်းဆိုင်ရာ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်ပါ သတ်မှတ် ချက်များ၊ ကတိကဝတ်များနှင့်အညီ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများထုတ်လုပ်မှု၊ သုံးစွဲမှု များကို ကန့်သတ်ထိန်းချုပ်ခြင်းအား အခြားကမ္ဘာ့ဖွံ့ဖြိုးဆဲနိုင်ငံများနည်းတူ ဆောင်ရွက်လျက်ရှိ ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား၏ ဆောင်ပုဒ် “Montreal Protocol: Advancing Climate Actinon” “မွန်ထရီရယ်နောက်ဆက်တွဲစာချုပ် ရည်မှန်း ချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေး တိုးမြှင့်ဆောင်ရွက်စို့”သည် မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်ကို အားကောင်းသော ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှု တစ်ရပ်အဖြစ် အသိအမှတ်ပြုပြီး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်မှုအနေဖြင့် မည်ကဲ့သို့တိုးတက်လာ သည်ကို သတိပြုမိစေရန်နှင့် မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းများကို ထင်ရှားပေါ်လွင်အောင် တင်ပြလိုခြင်းဖြစ်ကြောင်း၊ ပြည်တွင်းသို့ ပမာဏများပြားစွာ တင်သွင်းနေသည့် ဟိုက်ဒရိုကလိုရိုဖရိုကာဗွန် (HCFC) ဓာတ်ငွေ့သုံး အအေးပေးစက်ပစ္စည်းများကို လျှော့ချနိုင်ရေးအတွက် HCFC -22/R-22 အသုံးပြုသည့် မြင်းကောင်ရေး ၂ ဒသမ ၅ အောက် အင်အားရှိ လေအေးပေးစက်(Split type and window type air conditioners) များ ပြည်တွင်းသို့ တင်သွင်းမှုကို ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အမိန့်ထုတ်ပြန်ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း၊ အလားတူ ဟိုက်ဒရို ကလိုရို ဖလူရို ကာဗွန် HCFC -22/R-22အပါအဝင် ဟိုက်ဒရို ကလိုရို ဖလူရို ကာဗွန် (HCFCs) အသုံးပြုသည့် မြင်းကောင်ရေ ၂ ဒသမ ၅ (21000 BTU/hr) နှင့်အထက် စွမ်းအား (Capacity) ရှိသည့် လေအေးပေးစက်နှင့် အကြီးစားစက်ပစ္စည်းများဖြစ်သည့် လုပ်ငန်းသုံးရေခဲ သေတ္တာများ ( Commercial Refrigerator)၊ အေးခဲသိုလှောင်ခန်းများ(Cold Storage)၊ ရေခဲစက်များ (Chiller) အား ပြည်တွင်းသို့တင်သွင်းနိုင်မှုကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ တားမြစ်ကန့်သတ်ခြင်းကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်အရ အိုဇုန်းလွှာပျက်စီးစေသည့် ဒြပ်ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို ၉၉ ရာခိုင်နှုန်း ထိန်းချုပ်ထားပြီး ဖြစ်ကြောင်း၊ မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာထိန်းချုပ် ကြိုးပမ်းမှုများကြောင့် ၁၉၉၀ မှ ၂၀၁၀ အတွင်း ကာဗွန်ဒိုင် အောက်ဆိုဒ် ၁၃၅ ဘီလီယံတန်ခန့်နှင့် ညီမျှသော အိုဇုန်းလွှာပျက်စီးစေသည့် ဓာတ်ငွေ့များ လေထုအတွင်း ထုတ်လွှတ်မှုကို တားဆီးပေးနိုင်ခြင်းဖြင့် ရာသီဥတုပြောင်းလဲမှုများကိုလည်း ခုခံတိုက်ဖျက်နိုင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည်လည်း မွန်ထရီရယ်နောက်ဆက်တွဲစာချုပ်၏ အကျိုးကျေးဇူးများကို ခံစားနေရသည့်နိုင်ငံဖြစ်ပြီး ကီဂါလီပြင်ဆင်ချက်၏ အဖွဲ့ဝင်နိုင်ငံမဟုတ်သေးသော်လည်း မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်စေရေးနှင့် အထောက်အပံ့ပေးနိုင်ရေးအတွက် ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ကမ္ဘာ့နိုင်ငံများနည်းတူ ပူးပေါင်းအကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များသည် ပြည်သူ တစ်ဦးတစ်ယောက်ချင်းမှစ၍ အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှသာ ရည်မှန်းချက် ပန်းတိုင်သို့ ရောက်ရှိနိုင်မည်ဖြစ်သည့်အတွက် အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်အတွင်းမှာ ရှိသည့် အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ အအေးပေးနည်းပညာ နှင့်ဆက်စပ်လုပ်ကိုင်နေကြသည့် အင်ဂျင်နီယာများ၊ နည်းပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် ပြည်သူလူထုအားလုံးပူးပေါင်းဆောင်ရွက်ပေးကြရန် ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres က ကမ္ဘာ့ အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှတ်တမ်းဗီဒီယိုအား လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏ အမှာစကားမှတ်တမ်း ဗီဒီယိုအားလည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုအားလည်းကောင်းပြသသည်။
ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် အခမ်းအနားသို့တက်ရောက်လာကြ သူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြပြီး အခမ်းအနားသို့ တက်ရောက်လာကြ သည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ဘက်စုံသုံးဆိပ်ကမ်းတွင် Mv –ZABUAUNG သင်္ဘောဖြင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုကော်မတီ၏ လမ်းညွှန်မှုအရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် ရန်ကုန်မြို့မှ စစ်တွေမြို့သို့ ဆန်နှင့်လူသုံးကုန်ပစ္စည်းများ၊ တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာပြီး အတင်အချပြုလုပ်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။
Mv –ZABUAUNG သင်္ဘောတွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၇၅၉၁ အိတ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ကမှာယူသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအမျိုးမျိုး၊ ပရိဘောဂပစ္စည်းများ၊ လျှပ်စစ်သုံးပစ္စည်းများ၊ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ စုစုပေါင်း ၈၆၉ ဒသမ ၃၂ တန် တင်ဆောင်၍ စစ်တွေမြို့ သို့ရောက်ရှိ လာခြင်းဖြစ်သည်။
အဆိုပါပစ္စည်းများအား ကုန်တင်ကုန်ချပြုလုပ်နိုင်နေမှုကို ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရောက်ရှိလာသော ကုန်ပစ္စည်းများအား မိုးလေဝါသအခြေအနေအပေါ်မူတည်ပြီး စနစ်တကျ အတင်အချပြုလုပ်နိုင်ရေး၊ ကုန်ပစ္စည်းများပျက်စီးဆုံးရှုံးမှုမဖြစ်စေရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်နိုင်ရေးတို့ကို မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး