ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားသို့တက်ရောက်

ပင်းတယ စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နနံနက် (၉) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်း၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းက အဖွင့်အမှာစကားပြောကြားရာတွင် “သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရန် ဗဟိုသန်းခေါင်စာရင်းကော်မရှင်ရဲ့ ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှု၊ တိုင်းဒေသကြီး၊ ပြည်နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီ၊ ဒေသ၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ အဆင့်အဆင့်တို့ရဲ့ပူးပေါင်း ဆောင်ရွက်မှုနဲ့အတူ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့မူဝါဒများ ချမှတ်ဖို့အတွက် အရေးကြီးသော လူဦးရေနှင့်လူမှုစီးပွားရေးဆိုင်ရာ အချက်အလက်များ ရရှိနိုင်မည့် တစ်ခုတည်းသော စီမံကိန်းလုပ်ငန်းဖြစ်တာကြောင့် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ကာ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ကြရမှာဖြစ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွပ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲစာရင်း မှန်ကန်စေရေး အထောက်အကူ ဖြစ်စေမှာဖြစ်ပါကြောင်း၊ ယခုသင်တန်းတွင် သင်တန်းနည်းပြများက သန်းခေါင်စာရင်းဆိုင်ရာ အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် လက်တွေ့လက်ကျင့်ခန်းများဖြင့် ဆွေးနွေးပို့ချပေးသွားမှာဖြစ်ပြီး အပြန်အလှန်ဆွေးနွေးခြင်း၊ ပဟေဠိအမေးအဖြေများဖြင့် ထိရောက်လွယ်ကူသည့် နည်းလမ်းများဖြင့် လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်းနှင့် တက်ရောက်လာကြတဲ့ သင်တန်းသားများအနေဖြင့် ပေးအပ်ထားတဲ့ တာဝန်များကို မိမိတို့ရဲ့အတွေ့အကြုံ၊ စွမ်းဆောင်မှုအရည်အသွေး၊ စိတ်စေတနာကောင်းများဖြင့် ပေါင်းစပ်ပြီး သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောက်ရွက်သွားကြရန်” တိုက်တွန်းပြောကြားသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ သင်တန်းသား/သူ များအား သင်ထောက်ကူပစ္စည်းများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းအား သင်တန်းသား/သင်တန်းသူ (၆၃) ဦးတက်ရောက်ပြီး စက်တင်ဘာ (၁၆) ရက်နေ့မှ စက်တင်ဘာ (၂၇) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ရွာငံမြို့နယ်တွင်လည်း ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း နည်းပြသင်တန်းအား အခြေခံပညာအထက်တန်းကျောင်း(ရွာငံ)၊ ပြဒါးလင်းခန်းမ၌ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ သင်တန်းသား/သင်တန်းသူ (၆၈) ဦး တက်ရောက်ပြီး စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရဲထက်ဦး(ပင်းတယ)