နမ့်စန်မြို့တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့သင်တန်း ဖွင့်လှစ်

နမ့်စန်() စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နေ့လယ် ၁ နာရီက နမ့်စန် လေတပ်စခန်းဌာနချုပ်အတွင်းရှိ လေသူရဲစာသင်ဆောင်ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး လင်းကိုက သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းကိုနှင့် တပ်မတော်အရာရှိများ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများက သင်တန်းသားများကို ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက်ခဲ့သည်။

အဆိုပါ ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းကို မိမိမြို့ရွာ တည်ငြိမ်အေးချမ်းရေးအား နှောင့်ယှက်ဖျက်ဆီးမည့် အန္တရာယ်များကို တပ်မတော်နှင့် ပြည်သူလက်တွဲ၍ ကာကွယ်စောင့်ရှောက်နိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး မြို့ပေါ်လုံခြုံရေးသင်တန်း (၂)ပတ်နှင့် မြို့ပေါ်လှုပ်ရှားသင်တန်း (၄)ပတ်ဟူ၍ သင်တန်း(၂)ခုခွဲ ဖွင့်လှစ်သွားမည်ဖြစ်ကာ နမ့်စန်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသား (၁၀၀) ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)