ပင်လောင်း စက်တင်ဘာ ၁၆
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး မြို့နယ်အဆင့်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့ ဘက်စုံသုံးခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
ဖွင့်ပွဲတွင် မြို့နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခေတ္တမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်ဝင်းက သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမများအနေဖြင့် လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရေးသင်တန်းတွင် နည်းပြများမှ သန်းခေါင်စာရင်း အဓိကသဘောတရားများ၊ ဘာသာရပ်ဆိုင်ရာအကြောင်းများ၊ သင်တန်းမှ ဆွေးနွေးပို့ချချက်များကို မိမိတို့၏ အတွေ့အကြုံများနှင့်ပေါင်းစပ်၍ မြေပြင်အခြေအနေများနှင့် ကိုက်ညီမှုရှိအောင် အပြန်အလှန်ဆွေးနွေးကြဖို့ လိုအပ်ကြောင်း၊ မြေပြင်ကွင်းဆင်းပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသည့်အခါ သင်တန်းမှ သင်ကြားပို့ချပေးလိုက်သော သန်းခေါင်စာရင်းမေးခွန်း အကြောင်းအရာများကို ပြည့်စုံမှန်ကန်စွာ ကောက်ယူဖို့လိုအပ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို နည်းပြဆရာ/ဆရာမ (၁၃) ဦးဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ရာ သင်တန်းသား/သင်တန်းသူ ဆရာ/ဆရာမ (၁၇၄) ဦးတက်ရောက်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့ထိ သင်ကြားဆွေးနွေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်သန်းခေါင်းစာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ နယ်မြေခံတပ်နယ်မှအရာရှိများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား၊ သင်တန်းသူ ဆရာဆရာမများ၊ ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)