ရပ်စောက် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၁၀) နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ရှေးဦးစွာ ရပ်စောက်မြို့နယ် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းဆမ်ခမ်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ရပ်စောက်မြို့နယ် ဦးစီးမှူး ဦးသန်းဌေးလွင်က သန်းခေါင်စာရင်းဆိုင်ရာလုပ်ငန်းကိစ္စရပ်များကို ရှင်းလင်းပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား အရည်အသွေးကောင်းမွန်သော သန်းခေါင်စာရင်းဖြစ်စေရန်အတွက် “ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့” ဆောင်ပုဒ်နှင့်အညီ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်ရန် ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင် လူဦးရေဆိုင်ရာအချက်အလက်များ၊ ပြည်တွင်းရွှေ့ပြောင်း သွားလာခြင်းအကြောင်းအရာ၊ ပညာရေးအကြောင်းအရာ (အသက် ၃ နှစ်နှင့်အထက်)၊ လုပ်သားအင်အား အကြောင်းအရာ (အသက် ၅ နှစ်နှင့် အထက်)၊ မွေးဖွားခြင်း အကြောင်းအရာ (အသက် ၁၀ နှစ်နှင့်အထက်)၊ မသန်စွမ်းမှု အကြောင်းအရာ (အသက် ၅ နှစ်နှင့်အထက်)၊ ပြည်ပရွှေ့ပြောင်း သွားလာခြင်းအကြောင်းအရာ၊ အိမ်အကြောင်းအရာ၊ သေဆုံးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် သေဆုံးခြင်းအကြောင်းအရာ စသည့် ခေါင်းစဉ်များဖြင့် သင်တန်းနည်းပြ (၁၀) ဦးတို့က သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ခဲ့ကြပြီး အခမ်းအနားသို့ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်နှင့် ရပ်ကွက်/ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သင်တန်းသူ ဆရာဆရာမများ စုစုပေါင်း (၃၃၀) ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းအား စက်တင်ဘာ (၁၆) ရက်နေ့မှ (၂၇) ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)