တာချီလိတ် စက်တင်ဘာ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုကြောင့် အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်ရှိ တင်ကျန်ရစ်သော အမှိုက်ရွှံ့နွံများကို ယမန်နေ့ ည ၇ နာရီက ဆက်လက်ရှင်းလင်းလျက်ရှိကြောင်း သိရသည်။
တာချီလိတ်မြို့တွင် စက်တင်ဘာ ၉ ရက်၊ ၁၀ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ ရေများပြန်လည်ကျဆင်းချိန်တွင် ရှင်းလင်းရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် မဖြစ်မနေဆောင်ရွက်ရမည့် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသဖြစ်သည့် အမှတ်(၁)ချစ်ကြည်ရေးတံတားပေါ်တွင် လူများဝင်ထွက်သွားလာမှုနှင့် ဒေသတွင်းစားသောက်ကုန်များ ပြတ်တောက်သွားမှုမရှိစေဘဲ ပုံမှန်အတိုင်း လည်ပတ်စီးဆင်းနိုင်စေရန် တံတားပေါ်တင်ကျန်နေသည့် အမှိုက်၊ ရွှံ့နွံများကို ဆက်လက်ရှင်းလင်းလျက်ရှိပြီး ဒုတိယဦးစားပေးအနေဖြင့် အနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် တာလော့၊ မာကာဟိုခမ်း၊ ပုန်းထွန်၊ ဆန်ဆိုင်းရပ်ကွက်များအတွင်း ဆက်လက်ရှင်းလင်းသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်နှင့်မြို့နယ်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် ဦးစားပေးအဆင့်များသတ်မှတ်ပြီး အုပ်စုခွဲ၍ စည်ပင်သာယာ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ကြက်ခြေနီ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများ စုပေါင်းရှင်းလင်းရေးများ ဆောင်ရွက်နေကြကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)