ငါန်းဇွန်မြို့၌ မိုးသီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးစေ့နှင့် သွင်းအားစု (ဓါတ်မြေဩဇာနှင့်မျိုးစေ့)များ ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနား ကျင်းပ

ငါန်းဇွန် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစု (ဓာတ်မြေဩဇာနှင့်မျိုးစေ့) ပစ္စည်းများထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀နာရီက စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမျိုးမင်းသိန်းမှ မြို့နယ်၏သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် သီးနှံစိုက်စွမ်းအားတိုးတက်နိုင်ရေး အစိုဓာတ်ရရှိမှုအပေါ်မူတည်၍ သီးထပ်၊ သီးညှပ် ပိုမိုစိုက်ပျိုးဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့သည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဆန်းလင်းမှ မိုးသီးနှံပန်းတိုင်အထွက်ရရှိရေး ဆောင်ရွက်မည့် တောင်သူများအား မိုးသီးနှံစိုက်ပျိုးထုတ်လုပ်မှုအတွက် လိုက်နာဆောင်ရွက်ရမည့် စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးပြီး စိုက်ပျိုးရေးအလေ့အကျင့်ကောင်း လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကနှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးစီးဌာန မြို့နယ်ဦးစီးမှူးတို့က တက်ရောက်လာသော တောင်သူများအား သွင်းအားစုပစ္စည်းများနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမျိုးမင်းသိန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ   စုစုပေါင်း(၄၅)ဦး တက်ရောက်ခဲ့ကြသည်။

သက်နောင်ဦး(ငါန်းဇွန်)