နမ့်ဆန်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိတွေ့ထားသူများအား အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထားပြီး ၎င်းတို့ကို ပံ့ပိုးကူညီမှုဆောင်ရွက်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ညှိနှိုင်းဆွေးနွေး

 

နမ့်ဆန်            နိုဝင်ဘာ ၂၂

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ နိုဝင်ဘာ(၂၁)ရက်နေ့က နောင်ချိုစစ်ဆေးရေးဂိတ်တွင် နမ့်ဆန်မြို့ မန်ခိုက်ရပ်ကွက်နေ ကားဆရာတစ်ဦးထံ မှ ကိုဗစ်-၁၉ ပိုးတွေ့ရှိရပြီး ၎င်းနှင့်ထိတွေ့ထားသူများနှင့် ၎င်းကုန်ချ ပေးခဲ့သည့် ကုန်စုံဆိုင်များအားလုံးကို အသွားအလာကန့်သတ်ခြင်း ပြုလုပ်ထားပြီး အသွားအလာ ကန့်သတ်စောင့်ကြည့်ခြင်း ခံရသူများကို ပံ့ပိုးကူညီမှုများပြုလုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို ပြုလုပ်သွားနိုင်ဖို့ တာဝန်ရှိသူများက ယနေ့နံနက် (၉)နာရီက ညှိနှိုင်းဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

နမ့်ဆန်မြို့နယ် မန်ခိုက်ရပ်ကွက် ဗောဓိကုန်းရပ်နေ ကားဆရာ ဦးအေးမောင်ထံမှ ကိုဗစ် ပိုးတွေ့ရှိသည့်အတွက် ၎င်းနှင့် ထိတွေ့ထားသူ (၂၃) ဦးကို ဇယန်းကြီးကျေးရွာ (နတလ) ကျောင်းတွင်ပို့ဆောင်၍ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကားဆရာ မှ ကုန်ပစ္စည်း ချပေးခဲ့သည့် ဆိုင်(၃၆)ဆိုင်ရှိ ဆိုင်ပိုင်ရှင်များအားလုံးကို Home Quarantine ထားရှိကာ အသွားအလာ ကန့်သတ်ခြင်းကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ထားရှိခဲ့ကြောင်းသိရသည်။

အဆိုပါ အသွားအလာကန့်သတ်ထားရှိခြင်းခံရသည့် လူများအား ကူညီပံ့ပိုးကူညီမှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ယနေ့ နံနက်(၉)နာရီက ဒေသဦးစီးအဖွဲ့အလုပ်အမှုဆောင် ဦးသိန်းဇော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဌ ဦးအောင်ကျော်ဦး၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်ထားထက်ဖြိုးဝေနှင့် မြို့ပေါ်ရှိရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေး အသင်းများက မြို့နယ်ပြည်သူ့ဆေးရုံတွင် တွေ့ဆုံညှိနှိုင်းမှုများ ဆောင်ရွက်ရာ နတလကျောင်း ရှိ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုခြင်းခံရသူ (၂၃)ဦးအတွက် နေထိုင်စားသောက် ရေးအတွက်ကို လည်းကောင်း၊ Home Quarantine ထားရှိခံရ သည့် ဆိုင်ပိုင်ရှင်မိသားစု(၃၆) စုတို့အတွက် နေအိမ်တွင် နေထိုင်စဉ်အတွင်း စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများမရှိစေဖို့ ၎င်းတို့အတွက် လိုအပ်ချက်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးနိုင်ဖို့ကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင်လည်း ယခင်ကထက် ပိုမိုတင်းကြပ်ပြီးစစ်ဆေးဖို့ အရေးကြီးကိစ္စရှိသူမှတပါး အကြောင်းမဲ့သွားလာသူများကို မြို့နယ်အတွင်းသို့ ယာယီဝင်ထွက် သွားလာခွင့် ခေတ္တပိတ်ထားရန်၊ ကုန်တင်ယာဉ်မှလွဲ၍ ခရီးသည်တင်ယာဉ်များ၊ ကိုယ်ပိုင်အိမ်စီး ယာဉ်များနှင့် အဝေးမှဝင်ရောက်လာမည့် ဆိုင်ကယ်၊ ကားများကို ယာယီပိတ်ပင်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ဌာနဆိုင်ရာများ၊ ကြက်ခြေနီသူနာပြု အဖွဲ့များ၊ လူမှုကူညီရေး အသင်းများနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများတို့မှ ပူးပေါင်းပါဝင်လှုပ်ရှား ပေးနိုင်ဖို့ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကိုအောင်မိုး (ရွှေဖီမြေ)