နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးမြင့်စိုး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးတက်ရောက်

နေပြည်တော် စက်တင်ဘာ ၁၆

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ယမန်နေ့ ညပိုင်းအချိန်တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ဖြစ်ပေါ်နေသည့် ရေလွှမ်းမိုးမှု အခြေအနေများနှင့်ပတ်သက်၍ ရှာဖွေကူညီကယ်ဆယ်ရေး၊ ထောက်ပံ့ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးရေးစသည့် လုပ်ငန်းများကို ဌာနဆိုင်ရာများ လူမှုရေးအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် ပူးပေါင်းပြီး အချိတ်အဆက်မိမိဖြင့် စီမံချက်များ ဆောင်ရွက်နိုင်ရန်၊ လိုအပ်လျက်ရှိသော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးကိစ္စများအတွက် စာရင်းဇယားများ မှန်ကန်စွာကောက်ယူရန်နှင့်  ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ ရေလွှမ်းမိုးမှုကြောင့်  ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်စေရန်အတွက် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း အစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာကြသည့် နေပြည်တော်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများ၊ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများ  ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ပြန်/ဆက်)