သံဖြူဇရပ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အတွက် Mask Campaign ဆောင်ရွက်

သံဖြူဇရပ်    နိုဝင်ဘာ     ၂၂

မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်အတွင်းရှိ စျေးများနှင့် ကျိုက္ခမီမြို့မစျေးတို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေး အသိပညာပေး မြှင့်တင်ရေးနှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေး လှုပ်ရှားမှုအဖြစ် ယနေ့ နံနက်(၇)နာရီ အချိန်မှစတင်၍ Mask Campaign ကို ဒုတိယနေ့အဖြစ် အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် စျေးများ၊ စျေးဝယ်သူ၊ စျေးရောင်းသူများနှင့် လမ်းသွားလမ်းလာ ဖြတ်သန်းသွားလာ သူများ အား ပါးစပ်နှာခေါင်းစည်း (Mask) များနှင့် (Face Shield) များအား အခမဲ့ ဝေငှခြင်းနှင့် ကျန်းမာရေး ဦးစီးဌာန၏ ညွန်ကြားချက်များ သိရှိလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးပြောကြားသည်။

အဆိုပါ ဆောင်ရွက်မှုတွင် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ပို့ဆောင် ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးသိန်းထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းဇော်နှင့် တပ်ဖွဲဝင်များ၊ ပြန်/ဆက် ဦးစီးဌာနမှူး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး သံဖြူဇရပ် မြို့နယ်တွင် ယနေ့ Mask ခုရေ (၃၀၀၀) နှင့် Face Shield ခုရေ (၁၀၀)ကို ဝေငှပေးခဲ့ပြီး ဆက်လက်၍ နိုဝင်ဘာ (၂၇)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အေးအေးသီ (ပြန်/ဆက်)