ပေါင် စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွားမေထုန်မဲ့ သားစပ်သင်တန်းအမှတ်စဉ် (၂/၂၀၂၄ / မွန်) သင်တန်းဆင်းပွဲအခမ်းအနားကို ပေါင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယမန်နေ့ နေ့လယ် ၁၂ နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ သက်နိုင်က မေထုန်မဲ့သားစပ်ခြင်း၏ အဓိပ္ပာယ်အကျိုးကျေးဇူးများနှင့် ဆိုးကျိုးများ၊ နွားမ၏ မျိုးပွားအင်္ဂါ၊ မြိုင်သံသရာနှင့် မြိုင်စစ်ဆေးခြင်း၊ မေထုန်မဲ့သားစပ်ခြင်း၊ သန့်ရှင်းမှုဆိုင်ရာ ဆောင်ရွက်ရန်အချက်များ စသည့်စာတွေ့သင်ခန်းစာများအပြင် လက်တွေ့သင်ခန်းစာများကိုပါ ဂရုစိုက်မှတ်သားပြီး သင်တန်းပြီးစီးသည်အထိ တက်ရောက်ကြသည့်အတွက် အကျိုးကျေးဇူးများစွာရရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပေါင်မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ရဲအောင်က နို့နှင့်နို့ထွက်ပစ္စည်းများသည် နိုင်ငံတော်အတွက် အလွန်ပင်အရေးကြီးသည့်အတွက် ယခုတက်ရောက်လာကြသည့်သင်တန်းသားများအချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး မွေးမြူရေး ကဏ္ဍနှင့်ထုတ်လုပ်မှု ပိုမိုတိုးတက်လာအောင်ပူးပေါင်းဆောင်ရွက်သွားကြဖို့ ပြောကြားခဲ့သည်။
အဆိုပါသင်တန်းကို စက်တင်ဘာလ (၁၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ (၅) ရက်ကြာ ဖွင့်လှစ်သွားခဲ့ရာ ပေါင်မြို့နယ်အတွင်းရှိ အခြေခံကျန်းမာရေးလုပ်သား (CAHW) (၁၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)