ကချင်ပြည်နယ် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ အောင်မြင်စွာ ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကျင်းပ

မြစ်ကြီးနား စက်တင်ဘာ ၁၆

၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ပြည်နယ်အဆင့် ပြိုင်ပွဲကို စက်တင်ဘာ ၁၂ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ဆုချီးမြှင့်ပွဲနှင့် ဗဟိုအဆင့်ပြိုင်ပွဲသို့ အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ယမန်နေ့ညနေ (၃) နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနား တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဆုချီးမြှင့်ပွဲအခမ်းအနားကို (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ယခင်နှစ်များထက် ဘာသာရပ် ပိုမိုစုံလင်စွာဖြင့် ရည်မှန်းချက်အတိုင်း ကျင်းပ ပြုလပ်နိုင်ခဲ့သည့်အပြင် မိမိအနေဖြင့် ဆုရရှိကြသည့် ပြိုင်ပွဲဝင်များ၏ အောင်မြင်မှုကို ဂုဏ်ပြုပါကြောင်းနှင့် ဆုမရရှိသေးသည့် ပြိုင်ပွဲဝင်များကိုလည်း ရိုးရာယဉ်ကျေးမှု အနုသုခုမပညာရပ်များကို မြတ်မြတ်နိုးနိုး တန်ဖိုးထားပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်အတွက် လေးစားတန်ဖိုးထားကြောင်းကို ပြောကြားလိုပါကြောင်း၊ ထို့အပြင် ပြည်နယ်အဆင့်ပြိုင်ပွဲမှ ရွေးချယ်သတ်မှတ်ခံရသည့် အနုပညာရှင်များအနေဖြင့် ဗဟိုအဆင့်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည့်အတွက် ပွဲမဝင်ခင်အပြင်က ကျင်းပဆိုသည့်အတိုင်း လုံ့လဝီရိယစိုက်ပြီး ကျွမ်းကျင်သည်ထက်၊ ကျွမ်းကျင်အောင် ဆက်လက်လေ့ကျင့်ကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြု ဒိုးပတ်အဖွဲ့၏ ဖျော်ဖြေ တင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရရှိသူများကို ဂုဏ်ပြုချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး‌ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ဇနီးတို့က အခြေခံပညာ၊ ဝါသနာရှင်ဒုတိယအဆင့်နှင့် အဆင့်မြင့် အဆို၊ အက၊ အတီးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဂုဏ်ပြု မှတ်တမ်းလွှာ၊ ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် ကဗျာလွတ်အကအဖွဲ့က ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြစ်ကြီးနား တက္ကသိုလ်ပါမောက္ခချုပ်(ဒိုင်ချုပ်)နှင့် တာဝန်ရှိသူများက (၃)ရက်တာ ကျင်းပပြုလုပ်ခဲ့သည့် ပြိုင်ပွဲ တစ်လျှောက် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူမြို့နယ်များမှ အသက် အရွယ်အလိုက်၊ သတ်မှတ်အဆင့်အလိုက် ဝင်ရောက်ယှဉ်ပြိုင်ကြသည့် ဘာသာရပ် (၅၆)မျိုးမှ အဆို၊ အကနှင့် အတီးပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရ အမျိုးသား/ အမျိုးသမီးပြိုင်ပွဲ ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဆုတံဆိပ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ခဲ့ကြပြီး ဗဟိုအဆင့် ပြိုင်ပွဲတွင် ပြည်နယ်ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကြမည့် ချင်းတိုင်းရင်းသားရိုးရာအက အဖွဲ့တို့နှင့် ဒိုင်အဖွဲ့ဝင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်ပြိုင်ပွဲသို့ ပြည်နယ်ကိုယ်စားပြု အောင်မြင်စွာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်ထံ အောင်နိုင်ရေးအလံကို လည်းကောင်း၊ ပြည်နယ်ကိုယ်စားပြု ပြိုင်ပွဲဝင်များ၊ အုပ်ချုပ်သူများ၊ ပံ့ပိုးနည်းပြများအတွက် ပံ့ပိုးထောက်ပံ့ငွေများကို ပြည်နယ်ရှေးဟောင်းသုတေသနနှင့် ပြတိုက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူးထံ လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ပြီး ပြည်နယ်အဆင့်ပြိုင်ပွဲ ဆုရရှိသူများနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးခဲ့ကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကချင်ပြည်နယ်အဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲကာလ (၃)ရက်တာကာလအတွင်း မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးညှင်း၊ မိုးကောင်း၊ ဗန်းမော်၊ ရွှေကူမြို့နယ်များမှ အသက်အုပ်စုအလိုက်၊ သတ်မှတ်အဆင့်အလိုက် စုစုပေါင်း(၁၅၀)ကျော်တို့က ဘာသာရပ်(၅၆)မျိုးတွင် ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းဖြစ်ပြီး ဆုရပြိုင်ပွဲဝင်များနှင့် အဆင့်အတန်းပြည့်မီသူများအား ဗဟိုအဆင့် ပြိုင်ပွဲအတွက် တပါတည်းရွေးချယ်ခဲ့ခြင်းဖြစ်ကာ မြစ်ကြီးနားမြို့တွင် စခန်းသွင်းလေ့ကျင့်နိုင်ရေး စီစဉ်ဆောင်ရွက် ထားရှိကြောင်း ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

ပြည်နယ်(ပြန်/ဆက်)