ပြည်ကြီးတံခွန်မြို့နယ်တွင် ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန် စက်တင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကျန်းမာရေးပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါမြို့နယ်ရှိ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန်  လမ်း၊ ကံဓမ္မရာဇ်စေတီ တန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ကျန်းမာရေးပညာပေးဟောပြောပွဲသို့ တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ရောဂါနှိမ်နင်းရေးမှ ဒေါက်တာနှင်းဇော်သိန်း၊ မဟာအောင်မြေခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာဧရာထက်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေဖြိုးဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်(၁၈)ရပ်ကွက်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတက်ရောက်ကြပြီး ဒုတိယတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူးက ပြင်းထန်ဝမ်း လျှောဝမ်းပျက်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စနစ်မှန်လက်ဆေးနည်းများ အစရှိသည်တို့ကိုလည်းကောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးမှူးက ပြင်းထန်ဝမ်းလျှောဝမ်းပျက်ရောဂါကို ဖြစ်ပွားမှုမရှိစေရေး စောင့်ကြပ်ကြည့်ရှုထောက်လှမ်းနေမှုများအကြောင်းတို့ကို အသီးသီးဆွေးနွေးကြသည်။

ဆက်လက်ပြီး တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်ပြည်သူများ မိမိတို့သိရှိလိုသည်များမေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)