ပေါင် စက်တင်ဘာ ၁၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဘောလုံးကွင်း၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ ကျေးရွာ အမျိုးသား (အလွတ်တန်း) ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး ကျောင်းသား/သူများမှ ဘင်ခရာအကများဖြင့် ဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က အားကစားလှုပ်ရှားခြင်းဖြင့် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးရေးတွင် အထောက်အကူပြုစေခြင်း၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေခြင်း၊ ဆေးဝါးသောက်သုံးခြင်းမှ ကင်းဝေးစေပြီး အားကစားလှုပ်ရှားခြင်းဖြင့် ပြည်သူတစ်ရပ်လုံး အားကစား၏ အကျိုးကျေးဇူးကို သိမြင်နားလည်စေရန်နှင့် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်အတွက် ပြိုင်ပွဲများကို ပြုလုပ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲစတင်ခဲ့ရာ ရပ်ကွက်/ကျေးရွာ ဘောလုံးအသင်း (၁၀) သင်းတို့မှ ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပြီး ပထမပွဲစဥ်အဖြစ် တောင်ရှေ့(က) အသင်းနှင့် မုတ္တမရွှေမြို့တော်အသင်းတို့မှ စတင်ယှဥ်ပြိုင်ခဲ့သည်။ထိုဘောလုံးပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြိုင်ပွဲဝင်အသင်း (၁၀) သင်းတို့မှ အသင်းသားများ၊ ကျောင်းသား/သူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)