အောင်မြေသာစံ စက်တင်ဘာ ၁၆
၂ဝ၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး၊ ခရိုင်အဆင့်သင်တန်းဆင်းပွဲနှင့် မြို့နယ်အဆင့်သင်တန်းနည်းပြခန့်အပ်တာဝန်ပေးအပ်ပွဲအခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့မွန်းလွဲ ၃ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အစီအစဉ်အရ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေကအမှာစကားပြောကြားပြီး သင်တန်းသား၊သင်တန်းသူများအား မြို့နယ်အဆင့်နည်းပြခန့်အပ် တာဝန်ပေးအပ်လွှာများပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။
အခမ်းအနားသို့ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင်၊ ဒုတိယခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့်ကော်မတီဝင်များ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
အဆိုပါ ခရိုင်အဆင့် သင်တန်းသို့ အောင်မြေသာစံမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၂၇)ဦးတက်ရောက်ကြပြီး အဆိုပါသင်တန်းသား၊ သင်တန်းသူများသည် သက်ဆိုင်ရာမြို့နယ်များတွင် ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးကြမည်ဖြစ်ကြောင်းသိရသည်။
မြင့်မော်ထွန်း