ပုသိမ်ကြီး စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ရန်ကင်းတောင် သွားလမ်း၊ နာရီစင်အနီး၌ ယမန်နေ့ကစတင်ကာ မြန်မာနိုင်ငံဂီတအစည်းအရုံးဗဟို၊ မြို့နယ် ဂီတအစည်းအရုံး၏ လမ်းညွှန်မှုဖြင့် မန္တလေး ဂီတဖျော်ဖြေရေးအဖွဲ့မှ ရေဘေးရင်ဆိုင်နေရသည့် ပြည်သူများအတွက် ရန်ပုံငွေရရှိရန် ဖျော်ဖြေအလှူခံလျက်ရှိကြောင်း သိရသည်။
ရေဘေးသင့် ပြည်သူများအတွက် ရည်ရွယ်ကာ လာရောက်လှူဒါန်းကြသည့် အဝတ်အထည်၊ စောင်၊ အစားအသောက် စသည့်ပစ္စည်းများအပြင်၊ ယနေ့ထိရရှိထားသည့် လှူဒါန်းငွေကျပ် သိန်း (၈၀) ကျော်နှင့်အတူ စက်တင်ဘာ ၁၆ ရက်ထိ ရန်ပုံငွေရရှိအောင် ဖျော်ဖြေမည်ဖြစ်ပြီး၊ ရေဘေးသင့်ပြည်သူများရှိရာနေရာသို့ သွားရောက်၍ လက်ဝယ်အရောက် မန္တလေးဂီတဖျော်ဖြေရေးအဖွဲ့ဝင် ညီကိုမောင်နှမများနှင့်အတူ သွားရောက်လှူဒါန်းသွားမည်ဟု အဖွဲ့ ဦးဆောင်သူ ကိုမြတ်ကိုကိုထံမှ သိရသည်။
မြန်မာနိုင်ငံအတွင်းယခုဖြစ်ပွားနေသည့် ရေဘေးသင့်နေရာများသို့နိုင်ငံတော်တာဝန်ရှိသူများက အလေးထားဆောင်ရွက်ပေးနေသလို၊ မြို့နယ်အသီးသီးရှိ ပြည်သူများကလည်း တတ်အားသ၍ ကူညီလှူဒါန်းမှုများ အဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)