ကျိုင်းတုံမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့်တံတားအား ပြန်လည်ပြုပြင်လျက်ရှိပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေ၊ အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများထောက်ပံ့ပေးအပ်

ကျိုင်းတုံ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် မိုးအဆက်ပြတ်ရွာသွန်းမှုကြောင့် ပျက်စီးသွားသည့် နမ့်လပ်ချောင်းကူးတံတား ပြန်လည်ပြုပြင်​ခြင်းလုပ်ငန်းများကို စက်တင်ဘာ ၁၄ ရက် တွင် တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

မိုးရွာသွန်းမှုကြောင့် နမ့်လပ်ချောင်းရေတိုက်စား၍ ကျိုးကျပျက်စီးခဲ့သည့် ကျိုင်းတုံ-လွိုင်မွေ သွားကားလမ်း၊ နမ့်လပ်ကွန်ကရစ်ချောင်းကူးတံတားအား အများပြည်သူ အမြန်ဆုံးပြန်လည်အသုံးပြုနိုင်ရေး ဘေလီတံတားဆောင်ရွက်နေမှုကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေး၊ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးတို့အတွက် လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့နယ် နောင်ကုန်ရွာအဝင်လမ်း၊ မြို့တော်ခန်းမ၊ ဌာနဆိုင်ရာရုံးများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ယာယီခိုလုံရေးစခန်းရှိ ရေဘေးသင့်ပြည်သူများအား သွားရောက်ကြည့်ရှု၍ ထောက်ပံ့ငွေများပေးအပ်ပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့အပြင် ကျိုင်းတုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကျိုင်းတုံမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ရေဘေးသင့်ခဲ့သည့် ပြည်သူ ၅၁၇ ဦးအတွက် ဆန်ရိက္ခာများထောက်ပံ့ပေးပြီး ရေဘေးသင့်ပြိုကျပျက်စီးခဲ့သည့် နေအိမ် ၄ လုံးအတွက် အိမ်ဆောက်ပစ္စည်းနှင့် ဆန်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့် (ပြန်/ဆက်)