မုဒုံ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ မုဒုံမြို့နယ် အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ဗိုလ်တေဇစာသင်ကျောင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပသည်။
အခမ်းအနားကို Grade-10 မှ ကျောင်းသား/သူများက “ဘက်စုံပညာကို ရည်တို့လှမ်း ချီ” တေးသီချင်းဖြင့် စတင်ဖွင့်လှစ်ပေးခဲ့ပြီး ကျောင်းအုပ်ဆရာကြီး ဦးမင်းအောင်းက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများ၏ အောင်ချက်ရာခိုင်နှုန်းအခြေအနေများ၊ စာသင်ကျောင်း ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျောင်းသား/သူများ ကျောင်းနေပျော်၍ စာရိတ္တကောင်းမွန်ပြီး အမှား/အမှန်ခွဲခြားတက်စေရန်အတွက် ကျောင်းသား၊ မိဘ၊ ဆရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းအမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပညာရေးမှူး (အငြိမ်းစား) ဒေါ်မြဝင်းနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/ သူများအား ပညာရည်ချွန်ဆု၊ KG မှ Grade-11 ထိ ထူးချွန်ဆုရရှိသည့် ကျောင်းသား/သူများနှင့် ကျောင်းဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက်ကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်များအား ဂုဏ်ပြုမှတ်တမ်းများကို အသီးသီးပေးအပ်ချီးမြှင်ခဲ့ပြီး ကျောင်းသား/ သူများမှ “ပြည်မြန်မာ” တေးသီချင်းဖြင့် ဂုဏ်ပြုသီဆိုဖျော်ဖြေပေး၍ အခမ်းအနားအားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)