ဒဂုံ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ် ပြည်လမ်းအနောက်ရပ်ကွက်၊ ပြည်လမ်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရှိသဘင်ဆောင်တွင် နက်ဖြန်ကျင်းပမည့် (၂၅)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲနှင့် အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကျင်းပရန် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းကို ယမန်နေ့နံနက် ၁၀ အချိန်က စတင်ဆောင်ရွက်နေကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် VIP အဖွဲ့၊ ရုံးလုပ်ငန်းအဖွဲ့၊ ပြိုင်ပွဲ၀င်များနှင့် ပြိုင်ပွဲ၀င်၏မိသားစုများ စုစုပေါင်း(၁၀၁၈)ဦးအတွက် ထိုင်ခုံများနေရာချထားပေးခြင်း၊ ကြွရောက်လာသော ဧည်သည်တော်များကို ဒံပေါက်၊ ရေသန့်ဘူး၊ ရေနွေးကြမ်းများဖြင့်ဧည့်ခံကြိုဆိုရန်အတွက် သဘင်ဆောင်နှင့် မင်္ဂလာခန်းမအတွင်း ထိုင်ခုံများ၊ စားပွဲဝိုင်းများ ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကိုမြို့ နယ်နှင့်ခရိုင် စည်ပင်သာယာစီမံရေးရာဌာနမှ ဒုတိယဌာနမှူးများ ဦးဆောင်၍ မရမ်းကုန်ခရိုင်နှင့် ကျောက်တံတားခရိုင် စည်ပင်သာယာအုပ်ချုပ်ရေးမှူးများ၊ လှိုင်၊မြောက်ဥက္ကလာ၊ မရမ်းကုန်၊ လမ်းမတော်၊ ပန်းဘဲတန်း၊ ဒဂုံမြို့နယ် အုပ်ချုပ်ရေးမှူးများ၊ လက်ထောက်မြို့နယ် အုပ်ချုပ်ရေးမှူးများနှင့် စည်ပင်၀န်ထမ်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
လဲ့လဲ့(ပြန်/ဆက်)