ကျောက်ပန်းတောင်းမြို့နယ် ငွေတွင်းတောင်ခြေရှိ လေးမျက်နှာဘုရားပြိုကျမှုဖြစ်ပွား

ညောင်ဦး စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကန်ပတ်လည်အုပ်စုအတွင်းရှိ လဲဂွကျေးရွာ၊ လက်ပံအိုင့်ကျေးရွာနှင့် ဂွေးကုန်းကျေးရွာတို့ စုပေါင်းတည်ထားကိုးကွယ်သည့် လေးမျက်နှာဘုရားသည် စက်တင်ဘာ ၁၃ ရက်၊ ညနေ ၄ နာရီအချိန်က ပြိုကျမြေခသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ငွေတွင်းတောင်ခြေရှိ လေးမျက်နှာဘုရားသည် မုခ်လေးမုခ်ပါရှိပြီး စက်တင်ဘာ ၁၁ ရက်၊ ညနေ သုံးနာရီအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းနေချိန် မသမာသူများမှ ဘုရား၏အရှေ့ဘက်မုခ်အတွင်း အင်္ဂတေဖြင့် ပူဇော်ထုလုပ်ထားသည့် သုံးပေခန့်ရှိဆင်းတုတော်နှင့် ပလ္လင်တော်တို့အား ဖျက်ကာ အတွင်းဘက်ဌာပနာထားရှိမည့်နေရာကိုမှန်း၍ ဖောက်ထွင်းတူးဖော်ခဲ့ကြောင်း၊ ထိုဖောက်ထွင်းမှုသိသိချင်း ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်စီမံအဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ပြီး ဖောက်ထွင်းပျက်စီးမှုအခြေအနေအား စစ်ဆေးခဲ့ကြောင်းသိရသည်။ အဆိုပါဘုရားသည် နှစ် ၁၃၀ ခန့်ရှိပြီဖြစ်ကာ ဉာဏ်တော် ၂၇ ပေခန့်ရှိပြီး၊ ထောင့်လေးထောင့်တွင် အရံစေတီများ ပါရှိကိုးကွယ်ထားသည့် ဘုရားတစ်ဆူဖြစ်ကာ ဗုဒ္ဓပူဇနိယပွဲတော်ကို ဝါဝင်၊ဝါကျွတ်နှစ်ကြိမ်ကျင်းပလေ့ရှိကြောင်းသိရသည်။ မသမာသူများ ဌာပနာဖောက်ထွင်းမှုနှင့် စက်တင်ဘာ ၁၃ ရက်မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဘုရား၏အရှေ့ဘက်ခြမ်းနှင့်တောင်ဘက်ခြမ်းတိုက်မပြိုကျပြီး စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ထီးတော်တို့ မြေခခဲ့ကြောင်းသိရကာ ဘုရား၏အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်အနည်းငယ်ကျန်ရှိနေကြောင်း သိရသည်။

ဒီပါလင်း