ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော် ကပ်လှူပူဇော်ရေး ဩဝါဒခံယူပွဲအခမ်းအနားနှင့် ၂၀၂၄-၂၀၁၅ ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန် စက်တင်ဘာ ၁၅

ရွှေတိဂုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရေး ဩဝါဒါစရိယဆရာတော်ကြီးများထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင် တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များတန်ဆောင်း၌ ကျင်းပသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ၊အပြည်ပြည် ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဒုတိယပါမောက္ခချုပ်(စီမံ)နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ကြည်ညိုကြသည်။

ဦးစွာ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တတိလောကာဘိဝံသထံမှ ဧည့်ပရိသတ်များကငါးပါးသီလခံယူ ဆောက်တည်ကြသည်။

ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်စား ဒုတိယဝန်ကြီး ဦအေးထွန်းက ၂၀၂၄-၂၀၂၅ ခုနှစ်အတွက် ရွှေတိဂုံစေတီမြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရေးနှင့် စပ်လျဉ်း၍ ဩဝါဒခံယူခြင်းစာတမ်းကို ဖတ်ကြားလျှောက်ထားသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော်ကြီးများက ဩဝါဒကထာများ မိန့်ကြားတော်မူကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီးများထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်၍ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့၏ ဩဝါဒါစရိယ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိထံမှ ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးနှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေကြသည်။

ထို့နောက်၂၀၂၄-၂၀၅ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှေးဟောင်းဗုဒ္ဓရုပ်ပွား တော်မြတ်များတန်ဆောင်း၌ ဆက်လက်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ သက်ဆိုင်ရာလုပ်ငန်းအသီးသီးမှ ပညာရှင်များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ “နမောဿတ”သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားရာတွင် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ၅ နှစ်တစ်ကြိမ် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ လုပ်ငန်းအဆင့်ဆင့်ဆောင်ရွက်နေမှုများကို တိုင်းဒေသကြီး အစိုးရအဖွဲ့ကလည်း ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရွှေတိဂုံစေတီတော်မြတ်ကြီးသည် ကမ္ဘာ့အံ့ဖွယ်တန်ခိုးကြီးဘုရာဖြစ်၍ သာသနာတော်ကြီး တိုးတက်ဖွံ့ဖြိုးစေရန် တိုင်းဒေသကြီးအစိုးရအနေဖြင့် အစဉ်အမြဲဆောင်ရွက်လျက်ရှိပါကြောင်း၊ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့သည်လည်း လုပ်ငန်းအတွေ့အကြုံကောင်းများရှိသည့်အပြင် ရွှေပြားများကို နိုင်ငံတော်က သက်သာသည့်ဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိပါကြောင်း၊ စုပေါင်းညီညာအောင်ကြောင်းဖြာဆိုသည့် စကားပုံနှင့်အညီ စုပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။

ထို့နောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ကိုယ်စား) ဒုတိယဝန်ကြီး ဦးအေးထွန်းက ရွှေတိဂုံစေတီတော်မြတ်ကြီးကို ခေတ်အဆက်ဆက်မှ အစိုးရအဖွဲ့အသီးသီးက ပြုပြင်ထိန်းသိမ်းစောင့်ရှောက်မှုပြုခဲ့ကြသလို ယခုအစိုးရအဖွဲ့အနေဖြင့်လည်း ရှေးအစဉ်အလာမပြတ် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ခဲ့ရာမှာ စေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်မှုကလည်း တစ်ခုအပါအဝင်ဖြစ်ပါကြောင်း၊ ၂၀၁၈-၂၀၁၉ခုနှစ်တွင် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပြီး ယခု ၆ နှစ်အကြာ ၂၀၂၄-၂၀၂၅ခုနှစ်တွင်လည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှု၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဦးဆောင်ကွပ်ကဲမှုတို့ဖြင့် ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်သွားမည်ဖြစ်ပါကြောင်း၊ ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရန်အတွက် နာယကအဖွဲ့၊ ဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီ (၁၀) ခုကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းတာဝန်အနေဖြင့် ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊ ဒေသဆိုင်ရာဓလေ့ထုံးတမ်းများနှင့်အညီ ဆောင်ရွက်ရန်၊ လုပ်ငန်းဆိုင်ရာအခမ်းအနားများ ကျင်းပနိုင်ရေး စီမံပေးရန်၊ လုပ်ငန်းများကြီးကြပ်ရန် ပေါင်းစပ်ညှိနှိုင်းပေးရန်၊ လုပ်ငန်းများအားနည်းချက်၊ အားသာချက်များ သုံးသပ်ရန်နှင့် လုပ်ငန်းပိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ပေးရန် သတ်မှတ်ထားပါကြောင်း၊ ရွှေသင်္ကန်းကပ်လှူခြင်းလုပ်ငန်းဆောင်ရွက်ရန် အချိန်ကာလအနေဖြင့် ငြမ်းစေတီတည်ဆောက်ခြင်းကို ၂၀၂၄ခုနှစ် စက်တင်ဘာလ တတိယအပတ်မှ အောက်တိုဘာ တတိယအပတ်ထိလည်းကောင်း၊ ရွှေစင်ရွှေပြားများ ရောင်တော်ဖွင့်ခြင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ စတုတ္ထအပတ်မှ ဒီဇင်ဘာလ ပထမအပတ်ထိလည်းကောင်း၊ ပျက်စီးရွှေပြားများ စာရင်းကောက်ခြင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလ စတုတ္ထအပတ်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ စတုတ္ထအပတ်ထိလည်းကောင်း၊ အလှူရှင်များက ရထားပျံဖြင့် ရွှေပြားလှူဒါန်းခြင်းနှင့် ပျက်စီးရွှေပြားများ လဲလှယ်ခြင်းတို့ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ပထမအပတ်မှ ၂၀၂၅ခုနှစ် မတ်လ ဒုတိယအပတ်ထိလည်းကောင်း၊ ရွှေချွတ်၊ ရွှေချလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ၂၀၂၄ခုနှစ် အောက်တိုဘာလ ဒုတိယအပတ်မှ ၂၀၂၅ခုနှစ် မတ်လ စတုတ္ထအပတ်ထိလည်းကောင်း၊ ငြမ်းဖျက်သိမ်းခြင်းကို ၂၀၂၅ခုနှစ် မတ်လ ပထမအပတ်မှ ဧပြီလ ပထမအပတ်ထိလည်းကောင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်း၊ ရေစက်ချအခမ်းအနားကျင်းပခြင်းတို့ကို ၂၀၂၅ခုနှစ် မေလပထမအပတ်အတွင်းတွင်လည်းကောင်း ဆောင်ရွက်သွားကြရန် လျာထားသတ်မှတ်ထားပါကြောင်းပြောကြားသည်။

ယင်းနောက် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အလှည့်ကျသဘာပတိ ဦးမျိုးအောင်ဋ္ဌေးက ၂၀၂၄-၂၀၂၅ခုနှစ် ရွှေတိဂုံစေတီတော်မြတ်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့က ဖြည့်စွက်ညှိနှိုင်းဆောင်ရွက်ပေးကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ရန်လျာထားသည့် ရွှေပြားနမူနာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေတိဂုံစေတီတော်အထက်ပစ္စယံသို့ တက်ရောက်၍ ရွှေတိဂုံစေတီတော်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြောင်း သတင်းရရှိသည်။

အောင်မြင့်(ပြန်/ဆက်)