လှည်းကူးခရိုင်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

လှည်းကူး စက်တင်ဘာ ၁၅

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနိုင်ရန်အတွက် ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး) အောင်ဆန်းခန်းမတွင် ယမန်နေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းဦးက သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းနည်းပြ ခန့်အပ်လွှာများကို တာဝန်ရှိသူများက ပေးအပ်သည်။ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သင်တန်းသား၊ သင်တန်းများ စုစုပေါင်း( ၇၀ )ဦးခန့် တက်ရောက်ခဲ့သည်။

အဆိုပါသင်တန်းကို စက်တင်ဘာလ(၃)ရက်နေ့မှ စက်တင်ဘာ(၁၄)ရက်နေ့အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားခဲ့ပြီး တိုင်းအဆင့်အထူးနည်းပြသင်တန်းသို့ တက်ရောက်ခဲ့သော သင်တန်း နည်းပြဆရာ(၃)ဦးက သင်တန်းသား/သင်တန်းသူ(၁၂)ဦးကို သင်တန်းပို့ချပေးခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့ (ပြန်/ဆက်)