မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၏ ၂၀၂၄ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနား ကျင်းပ

ရေး စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ်တွင် ၂၀၂၄ခုနှစ် ကမ္ဘာ့ရှေ့ဦးပြုစုခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရေးမြို့ ရန်ကြီးအောင်ရပ်ကွက် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကားပြေကြားပြီး မြို့နယ် ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ ဦးညွန့်ဆွေက မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့်မှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ မြို့နယ်ကြက်ခြေတီအသင်းခွဲ ဒုဥက္ကဋ္ဌ ဦးခင်စိုးဦးက ကမ္ဘာ့ရှေ့ဦးပြုစုခြင်းနေ့ ပေါ်ပေါက်လာခြင်းနှင့်ပတ်သက်၍ အကြောင်းအရာများအား ရှင်းလင်းပြောကြားကာ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီဆုရ ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပေးခြင်းနှင့် အမှတ်ပေးအကဲဖြတ်ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ကြသော ဆရာ၊ ဆရာမများအား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်ပညာရေးမှူး ဦးမင်းဌေးဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းဌေးအောင်၊ မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် အသင်းခွဲကော်မတီဝင်များ တာဝန်ရှိသူများ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပရဟိတအသင်းအဖွဲ့များ၊ ဆုရကျောင်းသား ကျောင်းသူများနှင့် အလှူရှင်များ စုစုပေါင်းအင်အား (၈၅) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)