မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနား တက်ရောက်

မော်လမြိုင် စက်တင်ဘာ ၁၄

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီရုံး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ကြက်ခြေနီအသင်းသည် လွန်ခဲ့တဲ့နှစ်ပေါင်း (၁၅၀) ကျော်က ဆိုဖာရီနို စစ်မြေပြင်မှ စတင်ပေါက်ဖွားခဲ့သည့် အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ မှာတော့ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို (၁၉၂၀)ခုနှစ်မှာ အိန္ဒိယနိုင်ငံ ကြက်ခြေနီ အသင်းခွဲအနေနဲ့ စတင်ဖွဲ့စည်းခဲ့ကာ (၁၉၃၇) ခုနှစ်မှာ အမျိုးသားအသင်းအဖြစ် သီးခြားရပ်တည်ခဲ့ကြောင်း၊ ကြက်ခြေနီဆိုသည်မှာ စေတနာ့ဝန်ထမ်းများဖြစ်ကြသလို အသင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ရှေးဦးသူနာပြုစုခြင်းနည်းလမ်းဖြင့် လူသားတို့၏ အသက်အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ကယ်ဆယ်ခြင်းပင်ဖြစ်ကြောင်း၊ ရှေးဦးပြုစုခြင်း အတတ်ပညာကို ကြက်ခြေနီမောင်မယ်များ၊ စာသင်ကျောင်းများရှိ ကျောင်းသား/ သူလူငယ်များ၊ ဆရာ/ ဆရာမများသာမကဘဲ ပြည်သူလူထုတစ်ရပ်လုံး တတ်မြောက်ရန် သင်ကြားပို့ချကြ ရမှာဖြစ်ကြောင်း၊ အနာဂတ်ရဲ့ မျိုးဆက်သစ်လူငယ်လူရွယ်များ ပြုစုပျိုးထောင်ရာမှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာကြံ့ခိုင်စေရန် ဆောင်ရွက်ဖို့ လိုအပ်သလို နိုင်ငံအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးရဲ့ လူမှုရေးလိုအပ်ချက်တွေကို ကူညီဖြည့်တင်းပေးနိုင်တဲ့ အသင်းဝင်၊ တပ်ဖွဲ့ဝင်များ ဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခဒေါက်တာမျိုးညွှန့်မှ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက ဖတ်ကြားခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် တစ်ဦးချင်း ရှေးဦးပြုစုခြင်းစွမ်းရည် (အမျိုးသား၊ အမျိုးသမီး)နှင့် နှစ်ယောက်တွဲရှေးဦးပြုစုခြင်းစွမ်းရည် (အမျိုးသား၊ အမျိုးသမီး)ပြိုင်ပွဲများတွင် ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက တံခွန်စိုက်ဒိုင်းဆုရရှိသော အမှတ်(၉)အခြေခံပညာအထက်တန်း ကျောင်းအား တံခွန်စိုက်ဒိုင်းဆုနှင့် မွန်ပြည်နယ် ကြက်ခြေနီအသင်းသို့ ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းခဲ့သည်။ထို့နောက် ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အထိမ်းအမှတ် ဗဟိုအဆင့် ကဗျာပြိုင်ပွဲ (အင်္ဂလိပ်စာ)တွင် ဒုတိယဆုရ သထုံမြို့နယ်ကြက်ခြေနီအသင်း သူနာပြုတပ်ဖွဲ့မှူးအား အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရ ဦးလှထွန်းက လည်းကောင်း၊ မွန်ပြည်နယ် ကြည်ခြေနီအသင်းသို့ ထောက်ပံ့ငွေများအား အလှူရှင်များက ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား ပြည်နယ်ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီးလိုက်လံအားပေး နှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)