မန္တလေး စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ (၂)ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့မှ ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် တိုင်းဒေသကြီးသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ထို့နောက် ဆွေးနွေးတင်ပြမှုများအပေါ် မန္တလေးတိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တံတားဦးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ရှိ မိုင်တိုင်အမှတ် ၃၄၈/၇ ရှိ သားများဘကျေးရွာအနီး ၊ မိုင်တိုင်အမှတ် (၃၅၂) စကားအင်းဝိုင်းအနီးနှင့် မိုင်တိုင်အမှတ် (၃၅၆) ရှိ ပန်းယျကျေးရွာအနီး ရေကြီးရေလျှံနေသည့် နေရာများတွင် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေမှုအား ကြည့်ရှုအားပေးပြီး၊ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့အား ခေါက်ဆွဲခြောက်များနှင့် ရေသန့်တို့အား ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်ဆက်)