မုဒုံမြို့၌ မုန်တိုင်းဘေးအန္တရာယ်တုံ့ ပြန်ရေးဆိုင်ရာ ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်း ဆောင်ရွက်

မုဒုံ စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊ မုဒုံမြို့တွင် မုန်တိုင်းဘေးအန္တရာယ် တုံ့ပြန်ရေးဆိုင်ရာနှင့် ပြည်သူလူထုပါဝင်သော ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့က ပင်လယ်ဆိပ်ကမ်းနားရှိ  ကတုံးပေါ်ကျေးရွာ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဖုန်းမြင့်အေးက မုန်တိုင်းသတိပေး အရေးပေါ်ထုတ်ပြန်ချက် (အညိုရောင်အဆင့်) သတင်းအား ကျေးရွာနေပြည်သူများ သိရှိနိုင်ရန် အသံချဲ့စက်ဖြင့်ကြေငြာပြီး ကြိုတင်ပြင်ဆင်သတ်မှတ်ထားသည့် ကုန်းမြင့်ပိုင်း ဘေးလွတ်ရာနေရာသို့ ပြောင်းရွှေ့ကြရာ ကလေးသူငယ်နှင့် မသန်စွမ်းသူများအား ကူညီရွှေ့ပြောင်းပေးခြင်း၊ ကျန်ရှိသူများကို ရှာဖွေကယ်ဆယ်ဆောင်ရွက်ခြင်း၊ ထိခိုက်ဒဏ်ရာရရှိသူများအား ရှေးဦးသူနာပြုစုစောင့်ရှောက်ခြင်းနှင့် ဆေးရုံဆေးခန်းသို့ လူနာတင်ယာဥ်ဖြင့် ကူညီပို့ဆောင်ခြင်းများကို ဇာတ်တိုက်လေ့ကျင့်သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်၍ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များနှင့် ကျေးရွာနေပြည်သူ စုစုပေါင်း (၁၂၀)ဦးခန့် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးသူ(ပြန်/ဆက်)